Su Latt Myint Mo Services ကုမ္ပဏီသည် အလုပ်သမားဝန်ကြီးဌာန၏ အသိအမှတ်ပြု ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ပြည်ပအလုပ်အကိုင်အေဂျင်စီဖြစ်ပြီး ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် မန်နေဂျင်းဒါရိုက်တာ ဒေါ်လားရှမ်းထန်းငီးနှင့် ဒါရိုက်တာ (၂) ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမရှိသဖြင့် ငွေပေးသွင်းထားသူ များမှ ပြန်လည်တောင်းခံရာ ပြန်လည်ပေးအပ်မှုမရှိခြင်းအတွက် ကာယကံရှင်နစ်နာသူ များမှ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ကြောင်း သိရပါသည်။
စုံစမ်းချက်အရ Su Latt Myint Mo Services ကုမ္ပဏီသည် ဝန်ကြီးဌာနသို့ တိုင်ကြား ခံထားရသည့်အမှုများစွာရှိနေပြီး ပြေလည်အောင်ဖြေရှင်းပေးနိုင်မှုမရှိခြင်း၊ မလေးရှားနိုင်ငံ သို့ သွားရောက်ရန် အလုပ်သမားများမှ ပေးသွင်းထားသည့်ငွေများအား ပြန်လည်ပေးအပ်မှု မရှိသဖြင့် ဝန်ကြီးဌာနမှ ဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အား ၂၀၂၅ ခုနှစ်၊ မေလဆန်းခန့်တွင် ရာသက်ပန်ပိတ်သိမ်းခဲ့ပြီး ငွေကြေးနစ်နာသူများမှ သက်ဆိုင်ရာ တရားရုံးတွင် ငွေကြေးပြန်လည်ရယူလိုမှုဖြင့် တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်း သိရ ပါသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်ရာတွင် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများထုတ်ပြန်၍ စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိသည့် ပြည်ပ အလုပ်အကိုင်အေဂျင်စီများအား ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။

