အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့ “အာဆီယံ – တရုတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ဆောင်မှုဆိုင်ရာဖိုရမ် ၂၀၂၃” သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော်                                                                                             နိုဝင်ဘာ ၁

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပမည့် “အာဆီယံ-တရုတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ဆောင်မှုဆိုင်ရာဖိုရမ် ၂၀၂၃”သို့ တက်ရောက်ရန်အတွက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း တို့ပါဝင်သောအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ နံနက်ပိုင်း တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပါသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပမည့်ဖိုရမ်သည် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အတွေ့အကြုံများ မျှဝေဖလှယ်နိုင်ရန် ရည်ရွယ်၍ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) နှင့်ဆက်စပ်သည့် အဆင့်မြင့်ဖိုရမ်တစ်ခုဖြစ်ကြောင်း နှင့် တရုတ်လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကွမ်ရှီးဒေသအစိုးရတို့က ကြီးမှူး၍ တရုတ်နိုင်ငံကွမ်ရှီးဒေသရှိ နန်နင်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ်ကို Gathering Wisdom, Sharing Opportunities and Building a Bright Future Together ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊ ဖိုရမ်အခမ်း အနားနှင့် ဆက်စပ်ပြပွဲများ၊ အလုပ်အကိုင်ပြပွဲများ ကျင်းပ၍ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင် များ ပါဝင်တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။