ပဲခူး ဒီဇင်ဘာ ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလုပ် သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်ရှိ CMP အထည်ချုပ် စက်ရုံများဖြစ်သည့် Myan Star နှင့် Suit Star အထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ပိုမိုအားကောင်းလာ စေရေး စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖေါ် ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက CMP လုပ်ငန်းများသည် အလုပ် အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်၍ မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ်လျက်ရှိပြီး New Normal အခြေအနေနှင့် လုပ်ကိုင် နိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စက်ရုံ၊ အလုပ်ရုံများသည် အလုပ်အပ်နှံသူများ၏ ကျေနပ်အားရမှုရှိမှ အမှာစာများစွာ ရရှိ နိုင်သဖြင့် အလုပ်ရှင်ကိုယ်စား ကြီးကြပ်သူများနှင့် အလုပ်သမားများသည် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ချောများ အချိန်မီတင်ပို့ ပေးနိုင်ရေးအတွက် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှု များစွာအရေးပါကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပြုစု ပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို သတ်မှတ်ကာလအပြီး စံချိန်မီ ချုပ်လုပ်တင်ပို့နိုင် ခြင်းဖြင့် အလုပ်ရှင်၏ ယုံကြည်မှုရရှိပြီး မိမိစက်ရုံ၊ အလုပ်ရုံ ဂုဏ်သိက္ခာ မြှင့်တင်ပေးနိုင်ကြောင်း။
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ Skilled Labour များကို ကျွမ်းကျင်မှုအဆင့်နှင့် ကိုက်ညီသည့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ပေးအပ် နိုင်ရေး အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်အတွင်း လုပ်သားအင်အား များပြားပြီး အလုပ်အကိုင်အခွင့်အလမ်းများသည့် အထည်ချုပ်လုပ်သား အလုပ်အကိုင်ကို ဦးစားပေး စစ်ဆေးအကဲဖြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အပံ့များစွာ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုကြောင်း။
အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှု ထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်း ခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား မြင့်မားစေရေး အတွက် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း မှာကြားခဲ့ပါသည်။