အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                   ဒီဇင်ဘာ ၂၉

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်ရှိ Center for Vocational Training Center (CVT Myanmar) သို့ သွားရောက်၍ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအား ပေးခဲ့သည်။

          CVT Myanmar သို့ ရောက်ရှိစဉ် အမှုဆောင်ဒါရိုက်တာချုပ်က ရှင်းလင်း တင်ပြရာတွင် CVT Myanmar ကို ၂၀၀၂ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသား Mr. Max-O Wey က စတင်တည် ထောင်ခဲ့ပြီး The Swiss Supporter Association မှ ထောက်ပံ့ကူညီပေးကြောင်း၊ စတင်တည် ထောင်ချိန်မှ ၂၀၂၁ ခုနှစ်အထိ သက်မွေးသင်တန်း (၈) မျိုးမှ သင်တန်းသား ၂၀၄၃ ဦး မွေးထုတ် ပေးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှစတင်၍ စွမ်းရည်မြင့်သင်တန်းများ၊ ကုမ္ပဏီအတွင်း နည်းပြ သင်တန်းများ၊ ဆရာဖြစ်သင်တန်းများ၊ စီးပွားရေးလုပ်ငန်းတည်ထောင်မည့် လူငယ်များအတွက် စွန့်ဦးတီထွင် သင်တန်းများကို သင်ကြားပေးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပရိဘောဂ လက်သမား၊ လျှပ်စစ်၊ စားသောက်ဆိုင်ဝန်ဆောင်မှု၊ တွင်ခုံ/ဖောက်ခုံနှင့် ဂဟေဆက်အလုပ်အကိုင်များ အတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုစစ်ဆေးအကဲဖြတ်ရေးဌာနဖြစ်ခဲ့ပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့ပြီး အသိအမှတ်ပြုလက်မှတ်ရလုပ်သား (၄၀၀) ကျော် အတည်ပြုနိုင်ခဲ့ကြောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုအသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းအဖြစ် ၂၀၁၇ ခုနှစ်တွင် လျှောက်ထား ရယူ၍ ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း သင်တန်းသား (၄၈၁) ဦး မွေးထုတ်ပေးခဲ့ပြီး  ၂၀၂၄ ခုနှစ်တွင် သင်တန်းသား (၇၀၀) ကျော် မွေးထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပါသည်။

          ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်သည်နှင့်အမျှ နိုင်ငံတော်၊ အလုပ်ရှင်နှင့် ကာယကံရှင် လုပ်သားများအတွက် များစွာအကျိုးရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းစီးပွားရေး လုပ်ငန်း များနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်၊ လုပ်ခလစာများရရှိပြီး မိသားစုဝင်ငွေများ တိုးတက်စေရန် ရည်ရွယ်၍ ဦးစီးဌာန အသိ အမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချစေခဲ့ပြီး ဦးစီးဌာနမှ လိုအပ်သည်များကို ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်း များကို အရည်အသွေးအာမခံချက်ရှိစေရေးနှင့် သင်တန်းဆင်းများအတွက် သင့်တော်ကောင်းမွန် သော အလုပ်အကိုင်ရရှိစေရေး ဦးစီးဌာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

‌          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပုလဲရတနာ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း တာဝန်ခံက သင်တန်းကျောင်းကို ၂၀၁၂ ခုနှစ်မှ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး Under Graduate Diploma in Software Engineering သင်တန်းများကို သင်တန်းအမျိုးအစား (၄) မျိုး ဖွင့်လှစ်ပို့ချ၍ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာတွင် IT Professional အဖြစ် လုပ်ကိုင်လိုသူ များအတွက် IT Foundation Class များကို ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတက်ရောက်ပြီးနောက် Information Technology Professional Examination Council (ITPEC) မှ နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကျင်းပသည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရကြောင်း၊ Software Engineering စာမေးပွဲအောင်မြင်သူများအနေဖြင့် ဂျပန်စာအဆင့် N2 Level ကို အောင်မြင်ပါက ဂျပန် နိုင်ငံတွင် IT Visa (Work Permit) ဖြင့် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ Under Graduate Diploma (FE) အတန်းတွင် သင်တန်းသား (၂၀) ဦး၊ IP အတန်းတွင် အွန်လိုင်းဖြင့် သင်တန်းသား (၁၄) ဦးကို  ပို့ချပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ဖြစ်စေ၊ ပြည်တွင်းတွင် Software Developer အလုပ်ဖြင့် Outsourcing လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားရှိကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက သင်တန်းသားများအတွက် ပြည်တွင်း/ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိနိုင်၍ ရည်ရွယ်ချက်ကောင်းမွန် ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများသော အခြားသင်တန်းအမျိုးအစားများကို တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် IT အလုပ်အကိုင်များကို ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက် များ ရေးဆွဲနိုင်ရေးနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများအတွက် ဦးစီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံလုပ်သားမျာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) နှင့် ချိတ်ဆက် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။