အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သိမ်ချောင်းလမ်း၊ အမှတ် (၂၅၃)ရှိ Mrs. Zhang Yingye (တရုတ်နိုင်ငံသား)ပိုင် W & F Group Co., Ltd အထည် ချုပ်စက်ရုံသည် အလုပ်သမားများအား (၃) လ ကျော်ကြာအောင် အချိန်ပိုခိုင်းစေသဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ (၃) ကြိမ်တိုင် တိုင်ကြားခဲ့ကြောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ (၃) ကြိမ်တိုင်လာရောက် စစ်ဆေး ခဲ့သော်လည်း ဂရုမစိုက်ဘဲ နောက်ထပ်တစ်လကြာအောင် အချိန်ပိုဆက်ခေါ်ခဲ့ကြောင်း၊ အလုပ်သမားရေးရာအဖွဲ့ဖြင့် လာရောက်စစ်ဆေးရာတွင် သီးခြားမစစ်ဆေးဘဲ မန်နေဂျာ၊ HR များရှေ့တွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ စက်ရုံအလုပ်သမားတွေကို အလုပ်သမား အရာရှိတွေက တွေ့ဆုံစစ်ဆေးခဲ့သော်လည်း မှန်ကန်တဲ့စစ်ဆေးမှုပြုလုပ်ခဲ့လား၊ တိကျတဲ့ အချက်အလက်တွေရရှိခဲ့လား၊ ကျင့်ဝတ်နဲ့ ပြည့်စုံပြီးစည်းကမ်းစနစ်ကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရလား၊ စက်ရုံတွင် တစ်ရက်လျှင် အလုပ်ချိန်နှင့် အချိန်ပိုစုစုပေါင်း (၁၂) နာရီနှုန်း ဖြင့် တစ်ပတ်လျှင် နာရီ (၈၀)ကျော် အလုပ်လုပ်ကိုင်ရကြောင်း၊ တစ်ရက်လျှင် (၄)နာရီ ၊ တစ်ပတ်လျှင် (၃၂)နာရီခန့် အချိန်ပိုလုပ်ကိုင်ရသည့်အပြင် တနင်္ဂနွေနေ့တွင်လည်း (၈)နာရီ ထပ်မံအလုပ်ဆင်းရကြောင်း၊ စက်ရုံ၏ အလုပ်ချိန်မှာ မနက် (၀၈:၀၀) နာရီမှ ညနေ (၁၅:၃၀) ဖြစ်သော်လည်း အလုပ်ဆင်းချိန်မှာ ည (၂၀:၃၀) နာရီဖြစ်၍ တစ်ရက်အလုပ်ချိန် (၁၂)နာရီကို နေ့စဉ်လုပ်ကိုင်နေရကြောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လာရောက်စစ်ဆေးပြီးနောက် အချိန်ပိုကို ည(၂၀:၃၀)နာရီထိ ဆင်းနေရပါ ကြောင်းနှင့် ရက်သတ္တပတ်အတွင်း အချိန်ပို (၂၅) နာရီထိ ဆင်းရပါကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၂၂-၆-၂၀၂၃ ရက်နေ့၊ ၅-၇-၂၀၂၃ ရက်နေ့နှင့် ၈-၇-၂၀၂၃ ရက်နေ့တို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ စက်ရုံမှူး၊ မန်နေဂျာနှင့် Account မန်နေဂျာ၊ MD ကိုယ်စားလှယ် နှင့် အလုပ်သမားများအားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကို သိရှိ ရပါသည်-

(က)  အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုအချိန်ပိုနာရီ မှာ (၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီအထိ ခွင့်ပြုထားသော်လည်း အလုပ်သမား များမှ အိမ်ပြန်သည့်အခါ စော၍ပြန်နိုင်ရန်အတွက် အချိန်ပိုလုပ်ကိုင်ရာတွင် အလုပ်ရှင်၊ အလုပ်သမားသဘောတူညီမှုဖြင့် အချိန်ပို မစတင်မီ မိနစ် (၃၀) အနားမယူဘဲလုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့မှုအပေါ် စက်ရုံသည် နာရီဝက် အနားပေးခြင်းမရှိဘဲ (၅)နာရီထက်ပို၍ တစ်ဆက်တည်း ခိုင်းစေကြောင်း၊

(ခ)     ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်သည့် ၃၀-၄-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) တွင် လုပ်ငန်းလုပ်ကိုင်ရန် အလုပ်သမားများ၏ သဘောဆန္ဒဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ ခွင့်ပြုချက်ကြိုတင်လျှောက်ထား ၍ အလုပ်လုပ်ကိုင်ခဲ့ပြီး ၂-၅-၂၀၂၃ ရက်နေ့တွင် ရက်အစားထိုး အနားပေး ထားပါကြောင်း၊ (၅/၂၀၂၃)လ နှင့် (၆/၂၀၂၃)လတို့ရှိ တနင်္ဂနွေနေ့များ တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိပါကြောင်းနှင့်     ၃၁-၅-၂၀၂၃ ရက်နေ့တွင် လုပ်ငန်း လိုအပ်ချက်အရ မိမိတို့အလုပ်သမားများ၏ သဘောဆန္ဒရယူ၍ (၂၀:၃၀) နာရီအထိ အချိန်ပိုလုပ်ကိုင်ခဲ့ကြောင်း၊

(ဂ)    (၇/၂၃)လအတွင်း အချို့အလုပ်သမားများမှာ (၁၆:၃၀) နာရီမှ (၁၈:၃၀) နာရီ အထိလည်းကောင်း၊ (၁၆:၃၀) နာရီမှ (၁၉:၃၀) နာရီအထိလည်းကောင်း၊ (၁၆:၃၀) နာရီမှ (၂၀:၃၀) နာရီအထိလည်းကောင်း ခွင့်ပြုအချိန်ပိုထက်ပိုမို  လုပ်ကိုင်နေရကြောင်းနှင့် ၇-၇-၂၀၂၃ ရက်နေ့တွင် စက်ရုံအလုပ်သမား (၁)ဦး၏ ဖုန်းဖြင့်တိုင်ကြားချက်အရစစ်ဆေးရာ ခွင့်ပြုအချိန်ထက် ကျော်လွန်လုပ်ကိုင်ခဲ့ ကြောင်း၊

(ဃ)   ၂၀-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ စက်ရုံရှိ အလုပ်သမား (၅၀၀) ကျော် ကို (EC) စာချုပ် ချုပ်ဆိုထားသဖြင့် အလုပ်သမား (၁၀၀) ဦးခန့် ချုပ်ဆိုရန် ကျန်ရှိနေကြောင်းနှင့် အလုပ်သမား(၂၃၀)ဦး လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းရန် ကျန်ရှိသည့်အတွက် ထည့်ဝင်ကြေးပေးသွင်းရန် အကြောင်း ကြားပြီးဖြစ်ကြောင်း။

          W & F Group Co., Ltd အထည်ချုပ်စက်ရုံ၏ အလုပ်သမားရေးရာ သတင်းဖေါ်ပြချက် များနှင့်ပတ်သက်၍ သတင်းဖော်ပြချက် (၁၀) ချက်အနက် (၆) ချက်မှာ မှန်ကန်မှုမရှိသော်လည်း  အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုဖြင့် အချိန်ပိုမစတင်မီ မိနစ်(၃၀)  အနားမယူဘဲ လုပ်ကိုင်ခဲ့ကြောင်းနှင့် (၇/၂၃) လများအတွင်း ခွင့်ပြုအချိန်ပိုထက်  ကျော်လွန်ခိုင်းစေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာနမှ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၉၊ ၆၃၊ ၆၄၊ ၇၁ တို့ကို ဖောက်ဖျက်ကျူးလွန်သည့်  လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာတို့အား ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ  ပုဒ်မ ၈၅ အရ တရားစွဲဆိုမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန