နေပြည်တော် ၊အောက်တိုဘာလ ၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) တို့ပူးပေါင်း၍ (၁၃) ကြိမ် မြောက်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်တွင် Virtual Meeting ဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ဒုတိယဝန်ကြီးဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဩစတေးလျသံရုံးမှ သံအမတ်ကြီး H.E. Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက် ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li ၊ ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UN/ INGO/ NGO မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၆ ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာ၌ နိုင်ငံအဆင့် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယခင်ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာ အာဆီယံဖိုရမ်များ၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများကိုလေ့လာရန်၊ (၁၃) ကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံ ဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပံ့ပိုးကူညီပေးရန် အတူတကွ ပေါင်းစည်း၍ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံ အသိုက်အဝန်း နှင့်စပ်လျဉ်းပြီး ဆွေးနွေးရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်သို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ထည့်သွင်းဆွေးနွေးနိုင်မည့် နိုင်ငံအဆင့်အကြံပြုချက် များ မူကြမ်းရေးဆွဲနိုင်ရန်နှင့် အတည်ပြုချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း။
ကမ္ဘာတစ်ဝန်း COVID-19 ကမ္ဘာ့ကပ်ရောဂါ စိန်ခေါ်မှုများရင်ဆိုင်နေရပြီးကမ္ဘာ့လူနေမှုဘဝ ပုံစံပြောင်းလဲလာကြောင်း၊ နိုင်ငံတော်တော်များများတွင် လူဝင်မှုကြီးကြပ်ရေးနှင့်စပ်လျဉ်းပြီး ပုံစံ အမျိုးမျိုးဖြင့်ဗီဇာသက်တမ်းတိုးပေးခဲ့သည့်အတွက်လုပ်သားအချို့အဆင်ပြေနိုင်သော်လည်းအများစု သည်အလုပ်အကိုင်စာချုပ်သက်တမ်းကုန်ဆုံးခြင်း၊ လုပ်သားအင်အားလျှော့ချခြင်း၊ စက်ရုံ/အလုပ်ရုံ ပိတ်သိမ်းခြင်း၊ အလုပ်အကိုင်ဆုံးရှုံးရခြင်းတို့ ကိုကြုံတွေ့နေရကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပြည်ပတွင်ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် အခက်အခဲ အမျိုးမျိုးကြောင့် နေရပ်ပြန်လိုမှု၊ တရားမဝင်နေထိုင် လုပ်ကိုင်နေသူများ နေရပ်ပြန်လိုမှု၊ နေထိုင် စားသောက်ရေး အခက်အခဲဖြစ်နေမှုတို့နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ခန့်အပ်တာဝန်ပေးထားသည့် အလုပ်သမားသံအရာရှိများက သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ နေထိုင်ခွင့်နှင့်စပ်လျဉ်းသည့်အချက်များ၊ နေရပ်ပြန်ရာတွင်ဆောင်ရွက်ရမည့် အချက်များ၊ COVID-19ရောဂါတားဆီးကာကွယ်ရေး သက်ဆိုင်ရာနိုင်ငံကချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကိုလူမှုကွန်ယက်မှတစ်ဆင့် အလုပ်သမားများသိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ဝေ ပေးလျက်ရှိကြောင်း။
အကြပ်အတည်းကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအများစုက လူမှုကာကွယ်စောင့် ရှောက်မှု မရရှိသည့်အတွက် ရေရှည်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံမှုရှိသည့် လွှဲပြောင်းရယူနိုင်သည့် လူမှုကာကွယ်စောင့်ရှောက်မှုဖြစ်စေရေးနှင့်ပတ်သက်၍မူရင်းနိုင်ငံနှင့်လက်ခံ နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုများကို အမြန်ဆုံးပြုလုပ်သွားရန်လိုအပ်ကြောင်း။
COVID-19 ရဲ့ သက်ရောက်မှုသည် ကမ္ဘာတစ်ဝန်း အလုပ်သမားစျေးကွက် အပါအဝင် ကဏ္ဍ ပေါင်းစုံအပေါ်သက်ရောက်မှုရှိတာကြောင့်ရွှေ့ပြောင်းလုပ်သားများကိုမူရင်းနိုင်ငံသို့ပြန်ရန်တွန်းအား ဖြစ်စေပြီးမူရင်းနိုင်ငံသို့ပြန်သည့်အခါတွင် တားမြစ်ကန့်သတ်ချက်များစွာရှိနေကြောင်း၊ ယခုကာလ တွင် တရားဝင်လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် အစိုးရအချင်းချင်းသာမက အရပ်ဖက် အဖွဲ့အစည်း၊ ပုဂ္ဂလိကအခန်းကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အချို့ နေရပ်ပြန် လုပ်သားများသည် ပြည်တွင်းတွင် ဆက်လက်နေထိုင် လုပ်ကိုင်မည်ဖြစ်၍ နေရပ်ပြန် လုပ်သားများ မူရင်းနိုင်ငံ၏ အလုပ်သမားစျေးကွက်များတွင်ပြန်လည် ပေါင်းစည်းနိုင်ရေးလိုအပ် ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်ရှာဖွေရန်၊ အလုပ်ရှင် များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှလက်ခံရန် အလုပ်သမားများ၏ ကျွမ်းကျင်မှု အသိအမှတ်ပြု ရေးသည် အရေးကြီးပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ Soft skills အတွက် ပါထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ COVID-19ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျွမ်းကျင်မှုသင်ကြား ရာတွင်သမရိုးကျမဟုတ်သောနည်းလမ်းများကို အသုံးပြုသင်ကြားပေးရန်လိုအပ်ကြောင်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆိုင်ရာ ဩစတေးလျသံရုံးမှ သံအမတ်ကြီး H.E. Ms. Andrea Faulkner ၊မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li တို့ကအဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာသည့်ကိုယ်စားလှယ် များမှ အစည်းအဝေးနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူ ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ယခုအစည်းအဝေးမှ ရရှိလာသည့် ရလဒ်များကို ဗီယက်နမ်နိုင်ငံက ဦးဆောင် ပြုလုပ်မည့် (၁၃)ကြိမ် မြောက်ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။