အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်   အောက်တိုဘာလ ၂၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက် ၀၈:၃၀ နာရီအချိန်၌ အာဆီယံအလုပ်သမားဝန်ကြီးများ ၊ အလှည့်ကျ ဥက္ကဌများ၊ အင်ဒိုနီးရှားနိုင်ငံ၊ လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ Video Conferencing  စနစ် ဖြင့်ကျင်းပပြုလုပ်သည့်  ၂၆ ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ၁၁ ကြိမ်မြောက်အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးများကို(Promoting ASEAN Workers for Competitiveness, resilience, and Agility on The Future of Work) “အနာဂတ်အလုပ်အကိုင်အတွက် အာဆီယံအလုပ်သမားများ ၏ယှဉ်ပြိုင်နိုင်စွမ်း၊ ခံနိုင်ရည်ရှိမှုနှင့်လျင်မြန်ဖျတ်လတ်မှုကိုမြှင့်တင်ရေး” ဟူသော အာဘော်(Theme) ဖြင့်ကျင်းပခဲ့ကြောင်း၊ World Economic Forum အစီရင်ခံစာအရအာဆီယံနိုင်ငံများ၏ ယှဉ်ပြိုင် နိုင်စွမ်းအဆင့်မညီမျှဘဲထုတ်လုပ်နိုင်စွမ်းကွာဟမှုကြီးမားနေသဖြင့် အာဆီယံလုပ်သားထုကိုကျွမ်းကျင် မှုအရည်အသွေးတိုးတက်ပြီးယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်၊ ကပ်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ အခြားအကြပ်အတည်းများကြောင့်ဖြစ်စေဖြစ်ပေါ်လာသော စိန်ခေါ်မှုများကိုခံနိုင်ရည်ရှိ စေရန်နှင့် ပြောင်းလဲလာမည့်အနာဂတ် အလုပ်အကိုင်လောကအတွက် လိုအပ်လာမည့် ကျွမ်းကျင် မှုများအတွက်ပြင်ဆင်ထားရန်ကိစ္စရပ်များကို အာဆီယံဝန်ကြီးများမှ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံဖြစ်သော ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများ၊ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများနှင့် အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့ ပါဝင်တက်ရောက်ကြပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ virtual meeting ကိုကျင်းပပြုလုပ်ပေးသော အင်ဒိုနီးရှားနိုင်ငံ၊ လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ အစည်းအဝေးတက်သို့ ပါဝင်တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများနှင့် အာဆီယံ+၃ နိုင်ငံကို လည်း ကျေးဇူးတင်ရှိပါကြောင်း။

26th ALMM အာဘော် “Promoting ASEAN Workers for Competitiveness, Resillience, and Agility on the Future of Work” သည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော fourth industrial revolution နှင့်COVID-19 ၏သက်ရောက်မှုအခြေအနေတို့ကိုအဖြေရှာရန်အတွက် ရည်ရွယ်ချမှတ် ရခြင်းဖြစ်ပြီး       အဆိုပါအခြေအနေနှစ်ရပ်လုံးသည်နည်းပညာကြားခံနယ် (technology platform) မဖြစ်မနေ၊ အလျှင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် တွန်းအားပေးလျက်ရှိကြောင်း၊

နည်းပညာအခြေခံလုပ်ငန်းများအဖြစ် ချက်ချင်းပြောင်းလဲခြင်းသည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုရှိပြီး၊ COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများမှာ ပုံစံအသစ်သို့ ပြောင်းလဲသွားပြီး၊ Digitalization Platform သည် အလုပ်သမားဈေးကွက် အတွက် အခြေခံလိုအပ်ချက်ဖြစ်လာ ပါကြောင်း၊   Digitalizationသို့ လျင်မြန်စွာပြောင်းလဲမှုတွင် အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်စွမ်း ကို မြှင့်တင်ရန်အတွက် Digital Infrastructure များ၌ ရင်းနှီးမြှုပ်နှံခြင်း၊ အလုပ်သမားဈေးကွက် လိုအပ်ချက်၊ အခြေအနေနှင့်ကိုက်ညီသော ကျွမ်းကျင်မှုအသစ်များရရှိရေး လေ့ကျင့်သင်ကြားပေးမှု များပြုလုပ်ရမည်ဖြစ်ကြောင်း၊

အလုပ်သမားများ၏ ခံနိုင်ရည်ရှိမှုနှင့် လျင်မြန်ဖျတ်လတ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအသစ် များ၊ လူထုဗဟိုပြုချဉ်းကပ်ပုံ၊ အနာဂတ်အလုပ်သမားဈေးကွက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုလေ့ ကျင့်ရေး သင်တန်းများနှင့် အခြားနိုင်ငံများ၏ ဆောင်ရွက်ပုံနှင့် အတွေ့အကြုံများကို လေ့လာမျှဝေ ခြင်းသည် အလွန်အရေးပါလာပါကြောင်း၊

အလုပ်သမားရေးရာကဏ္ဍနှင့် စက်မှုကဏ္ဍတိုးတက်ပြောင်းလဲရေးအတွက် အဖြေရှာရာတွင် လူမှုတွေ့ဆုံဆွေးနွေးမှုသည်အလွန်အရေးပါသဖြင့် အစိုးရ၊ အလုပ်ရှင်/အလုပ်သမားကိုယ်စားလှယ် များနှင့် သုံးပွင့်ဆိုင်အစည်းဝေးများကို လိုအပ်သလိုကျင်းပလျက်ရှိပြီး၊ အစိုးရ နှင့် အလုပ်ရှင်၊ အစိုးရနှင့် အလုပ်သမားအဖွဲ့အစည်းများနှင့်လည်း အပတ်စဉ်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် ၍ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့်အခက်အခဲများကိုဖြေရှင်းရန်နှင့်လိုအပ်သော ကာကွယ်ရေး အစီအမံများအကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု အဆိုးဆုံးကြုံတွေ့ရသည့် လုပ်ငန်းများအတွက် အတိုးနှုန်းနည်းနည်းဖြင့် ငွေထုတ်ချေးရန် ကိုဗစ်-၁၉ ရန်ပုံငွေကိုလည်း အစိုးရကထူထောင်ထား ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ကလည်း အမျိုးမျိုးသော ဖြေလျော့ပေးမှုများနှင့် အထောက်အပံ့များ ပေးလျက်ရှိပါကြောင်း၊

မိမိတို့၏ခိုင်မာသည့် စိတ်အားထက်သန်မှုနှင့် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အတူတကွ လက်တွဲ၍အဆက်မပြတ်အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်လိမ့်မည်ဟု မိမိအနေဖြင့် အလေးအနက်ယုံကြည်မိပါကြောင်း၊ အာဆီယံအပေါင်း၃ နိုင်ငံများ၏ အတွေ့အကြုံကောင်းများ၊ ရရှိခဲ့သည့်သင်ခန်းစာများနှင့် အကူအညီများအား အာဆီယံ နိုင်ငံများထံ မျှဝေပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် ဤအစည်းအဝေးမှ ထုတ်ပြန်မည့် ပူးတွဲ ကြေညာချက်သည် အနာဂတ်အလုပ်အကိုင်ရလဒ်ကောင်းများရရှိအောင်မြင်ရေးအတွက် ဆက်လက် လျှောက်လှမ်းရမည့်  ခရီးလမ်းပင်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမှ Master Plan on ASEAN Connectivity (MPAC) 2025 အကောင်အထည် ဖော်ခြင်းမှတစ်ဆင့် ဒေသတွင်းချိတ်ဆက်ဆောင်ရွက်မှုတိုးမြှင့်ရန် အစဉ်တစ်စိုက် ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့်အလုပ်အကိုင်ရရှိရေးကို အာဆီယံနိုင်ငံများနှင့်နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဂျပန်နိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အသက်အရွယ်ကြီးသူများ ဝင်ငွေဖူလုံရေး ဆိုင်ရာလေ့လာမှု၊ အရည်အသွေးအာမခံမှုရှိပြီး ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး စနစ်များအတွက် အာဆီယံ၏ အခြေခံလမ်းညွှန်ချက်များ စမ်းသပ် အကောင်အထည်ဖော်မှုတွင် ဆက်လက်၍ ပံ့ပိုးသွားမည်ဖြစ်ကြောင်း။

ကိုရီးယားနိုင်ငံမှ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးတက်ရရှိရန် အလုပ်သမား နှင့် အလုပ်အကိုင်ဆိုင်ရာမူဝါဒများတွင် Gender Mainstreaming ကိုထင်ဟပ်စေရေးတိုးတက် ဆောင်ရွက်ခြင်းအပါအဝင် အလုပ်သမားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီမှုရှိသော TVET သင်ရိုး ညွှန်းတမ်းများမှတစ်ဆင့် အာဆီယံလူသားအရင်းအမြစ်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ CLMV နိုင်ငံများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအရာရှိများအတွက် TVET လေ့ကျင့်မှုများ မြှင့်တင်ရန် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း။

ဆက်လက်၍ တက်ရောက်လာကြသည့် အာဆီယံအလုပ်သမားဝန်ကြီးများက Covid-19 ကပ်ရောဂါကြောင့် အလုပ်သမားများနှင့်အလုပ်အကိုင်များအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံအလိုက်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၁၅:၀၀ နာရီတွင်ရုပ်သိမ်း ခဲ့ကြောင်းသတင်းရရှိပါသည်။