အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဇူလိုင် ၁၈

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာအကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁၃ဝဝ) နာရီတွင် နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဌ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ အဓမ္မခိုင်း စေမှု လုံးဝပပျောက်ရေး ပူးတွဲ မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေးပူးတွဲမဟာဗျူဟာ အကောင်အထည်ဖော်ဆောင် ရေးလုပ်ငန်းစီမံချက်အား ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုထားပြီးဖြစ်ကြောင်း၊ အဆိုပါ အတည် ပြုထားပြီးဖြစ်သော လုပ်ငန်းစီမံချက်အား ၂၀၁၅ ခုနှစ်မတိုင်မီ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဆောင်ရွက်ရန်ကိစ္စ များကို ချက်ချင်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုကြောင်း၊

အစိုးရသစ်တာဝန်ယူခဲ့သော တစ်နှစ်ကျော်ကာလအတွင်းတွင် အဓမ္မခိုင်းစေမှုပပျောက်ရေး အတွက် အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်ခဲ့တာကြောင့် လွန်ခဲ့သည့် ဇွန်လတွင် ကျင်းပခဲ့သော (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် ILO က မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုအများစုကို ဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊

မိမိတို့အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းတာဝန်အလိုက် သတ်မှတ်ထားသည့် ကာလထက် စောပြီး ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်၏အကျိုးစီးပွားအတွက် ဝန်ကြီးဌာနအားလုံးပူးပေါင်းပြီး မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စ တစ်ရပ် အဖြစ် ခံယူထားရန်လိုအပ်ကြောင်း၎င်းကိစ္စသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမျာနှင့်ပြုပြင် ပြောင်းလဲရေးစီမံကိန်းများရင်းနှီးမြုပ်နှံမှုစီးဝင်လာရေးတို့အတွက်အဓိကကျသည့်အချက်လည်း
ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး မှ တက်ရောက်လာကြသော လုပ်ငန်း ကော်မတီဝင်မျာနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ ဆက်ဆံရေးအရာရှိတို့က မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု လုံးဝ ပပျောက်ရေး ပူးတွဲမဟာဗျူဟာအကောင် အထည်ဖော်ဆောင်ရေး လုပ်ငန်းစီမံချက်တွင် ပါဝင်သည့် ပြည်သူလူထုအား အသိပညာပေးရေးအပါအဝင်စီမံချက်တွင်ပါဝင်သော အပိုင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်ဌာနများ အနေဖြင့် သတ်မှတ် ကာလမတိုင်မီ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။