COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay at home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % ကို ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက် ရှိရာ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀ မှ ၂၄/၂၀၂၀ အထိ) အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၃,၃၇၇) ဌာနမှ အာမခံအလုပ်သမား (၅၀၆,၅၈၂) ဦး အတွက် ထောက်ပံ့ ငွေ (၃၂,၃၉၄.၇၈၀) ကျပ်သန်း အား သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ၅-၁၀-၂၀၂၀ ရက်နေ့မှစ၍ ခွင့်ပြုထုတ်ပေးခဲ့ပြီး ခွင့်ပြုထုတ်ပေးခဲ့သည့် စာရင်းအသေးစိတ်ကို နေ့စဉ်ထုတ်သတင်းစာများနှင့် ဝန်ကြီးဌာန Website တွင် ကြေငြာခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၂၀ မှ ၃၂/၂၀၂၀ အထိ) တို့အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၁,၁၄၆) ဌာနမှ အာမခံအလုပ်သမား (၁၀၄,၆၄၃) ဦး အတွက်ထောက်ပံ့ငွေ (၆,၂၈၇.၃၁၃) ကျပ်သန်း အား သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ခွင့်ပြု ထုတ်ပေးခဲ့ပြီး၊ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာလုပ်ငန်းဌာနများသို့ အကြောင်းကြားပြီးသည့် အပြင် ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့၏ Website တို့တွင်လည်း ကြေငြာထားပြီး၊ UMFCCI နှင့် အလုပ်သမားသမဂ္ဂများ ထံသို့လည်း အချိန်နှင့်တပြေးညီပေးပို့ထားပြီးဖြစ်ပါသည်။
ယနေ့အထိ Stay at home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၄,၅၂၃) ဌာန မှ အာမခံအလုပ်သမား (၆၁၁,၂၂၅) ဦး အတွက် ထောက်ပံ့ငွေ (၃၈,၆၈၂.၀၉၃) ကျပ်သန်း အား ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် ကျန်တောင်းခံလွှာများကို လည်း ဆက်လက်စိစစ်၍ ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။