အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ မတ် ၂၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် ၂၉-၃-၂၀၁၉၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တုံဂပူရိ ဟိုတယ်၌ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိခြင်းနှင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ NSSA အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီ၊ UMFCCI နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ အလုပ်ရှင်နှင့် အလုပ်သမား ရေးရာအဖွဲ့အစည်းများ၊ အလုပ်အကိုင်အလိုက် Chief Assessor များ၊ Assessment Center များမှတာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရလုပ်သားများ အပါအဝင်စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လုပ်သားများကျွမ်းကျင်မှုရှိစေရန်အတွက် ကဏ္ဍတွင် NSSA ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်သည် များစွာကျယ်ပြန့်ခြင်းကြောင့် အားလုံးပူးပေါင်းပါဝင် မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံ ခန့်ခွဲမှုလုပ်ငန်းစဉ်ကို နိုင်ငံတကာ “စံ” နှုန်းများနှင့် ကိုက်ညီစေရန်၊ လုပ်ငန်းစဉ်အရည်အသွေး ပြည့်ဝရေး အလေးထား ဆောင်ရွက်ရန် အရည်အသွေး စီမံခန့်ခွဲမှုစနစ် (Quality Management System) အတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ခြင်းဖြစ် ကြောင်း၊
NSSA သည် သက်မွေးပညာလေ့ကျင့်ရေးကဏ္ဍ၏ အမျိုးသားအဆင့် ကျွမ်းကျင် မှု အရည်အသွေးမူဘောင်အတွင်း level 1 မှ level 4 အထိ နိုင်ငံအဆင့် ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေကြောင်း၊ ဒေသတွင်း နိုင်ငံများ၏သက်ဆိုင်ရာနိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့ များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် စီမံခန့်ခွဲမှုရှိပြီး ပူးပေါင်း ဆောင်ရွက်ရန်အသင့်ဖြစ်နေမှုကို သက်သေပြရန်လိုကြောင်း၊ သို့မှသာ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ အစိတ်အပိုင်းဖြစ်သော ကျွမ်းကျင်မှုအပြန်အလှန်အသိအမှတ်ပြုခြင်း လုပ်ငန်း စဉ်ကို ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အာဆီယံဒေသတွင်းနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းကျွမ်းကျင်လုပ်သားများ၏ ရပိုင်ခွင့်နှင့်အကျိုးခံစားခွင့်များ အနေဖြင့် ဒေသတွင်းနိုင်ငံများရှိ ကျွမ်းကျင်လုပ်သားများနှင့် တန်းတူရရှိလာနိုင်မည်ဖြစ်ကြောင်း၊
NSSA တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ရရှိထားမှုကြောင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ရေးဆွဲ သတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို အရည်အသွေးရှိရန်နှင့် ဂုဏ်သိက္ခာရှိစွာလုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
NSSA အနေဖြင့် လုပ်ငန်းခွင်တွင်း လုပ်သားများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ မတ်လ တတိယပတ်အထိ အလုပ်အကိုင် ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ခဲ့ရာ အလုပ်အကိုင် (၂၃) မျိုးအတွက် Level 1 (၁၀၀၀၉) ဦး၊ Level 2 (၇၆၆) ဦး၊ စုစုပေါင်း (၁၀၇၇၅) ဦးကို အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

IMG_0837 001IMG_0844

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေ့လည် ၁၃:၃၀ နာရီ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် (၅၁) ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုရီးယားနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E.Mr.Lee Sang-hwa ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်သွားရောက်အလုပ်လုပ်ကိုင်နေ သည့် အလုပ်သမားများနှင့်ပတ်သက်၍လည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် စာမေးပွဲဖြေဆို အောင်မြင်ပြီးသူ ၉၀၀၀ ဦးနှင့်ပတ်သက်၍ ကိုရီးယားနိုင်ငံသို့ အမြန်ဆုံးသွားရောက်နိုင်ရေးနှင့် ကာလကြာရှည်စောင့်ဆိုင်းရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကိုရီးယားနိုင်ငံရှိ KB Bank ၏ ကူညီပံ့ပိုးမှုဖြင့် သင်တန်းဖွင့်လှစ်မှုအခြေအနေများ၊ ကိုရီးယားနိုင်ငံရှိ မြန်မာ အလုပ်သမားများ မိသားစုများထံသို့ ငွေလွှဲ့ပို့နိုင်မှုအခြေအနေများ၊ ကိုရီးယားနိုင်ငံသို့ ရေလုပ်သား ပို့ဆောင်မည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊
ထို့အပြင် ကိုရီးယားနိုင်ငံရှိ မြန်မာလုပ်သားများခေါ်ယူလျက်ရှိသော ကုမ္ပဏီနှင့်အဖွဲ့ အစည်းများမှလည်း မြန်မာလုပ်သားများအား ယခုထပ်ပိုမိုခေါ်ယူရန်ဆန္ဒရှိပါကြောင်း၊ ကိုရီး ယားနိုင်ငံနှင့် EPS အလုပ်သမားခေါ်ယူဆောင်ရွက်နေသော ၁၆ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် (၅) ရှိပါကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့်နှစ်အပိုင်းတွင် အလုပ်သမား ၁၀၀၀၀ ကျော် စံချိန်တင်ခေါ်ယူနိုင်ခဲ့ပါကြောင်း၊ EPS စနစ်ကိုလည်းရှေ့လာမည့်ကာလများတွင် ယခုထက်ပိုမို တိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်လကလည်း EPS MoU စနစ် အသစ်ပြန်လည်လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ နောင်တွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ စေလွှတ်မည့် အလုပ်သမားများအတွက် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေရန် သတ်မှတ်အရည် အချင်း ပြည့်မီသောအလုပ်သမားများဖြစ်စေရန်နှင့် EC စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက် စေရေးနှင့် ကိုရီးယားနိုင်ငံ၏ ဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အထူး အလေးထား လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံ e – Government လုပ်ငန်းစဉ်တွင်ပါဝင်သည့် e-ID လုပ်ငန်းဆောင်ရွက်ရန် KOICA မှ တာဝန်ရှိသူများနှင့် လည်းကောင်း သိရှိလိုသည်များအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။