အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ သိန်း ၂ ထောင် ပျောက်ဆုံး သည်ဟုဆိုကာ စစ်တပ်ခေါ်၍ စစ်ဆေးပြီး အလုပ်သမား တစ်ချို့ကိုတရားစွဲဆိုခြင်း၊ အထည်စံချိန်ကို အလုပ်သမားများ ချုပ်လုပ်နိုင်သည်ထက်ပို၍ တောင်းခံခြင်း၊ စံချိန်မပြည့်ပါက လုပ်ခလစာဖြတ် တောက်ခြင်း၊ လုပ်ငန်းခွင်အတွင်းကြီးကြပ်သူများမှ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဥပဒေပါခွင့်များ မရရှိခြင်း၊ အလုပ်တစ်ရက်ပျက်ပါက လုပ်ခလစာဖြတ်တောက်ခြင်းစသည့် သတင်း နှင့်စပ်လျဉ်း၍ ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ Myanto Industrial Co.,Ltd အထည်ချုပ်စက်ရုံ (CMP) သို့ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် မြို့နယ်ပေါင်းစပ်အဖွဲ့မှ ရွေးချယ်ထားသော အလုပ်သမား ၂၁ ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ရာ ၄-၉-၂၀၂၅ ရက်နေ့ညတွင် စက်ရုံအလုပ်သမားများအား လစာပေးရန်ငွေများမှ ကျပ် သိန်းနှစ်ထောင်ပျောက်ဆုံးခဲ့သည်ကို ၅-၉-၂၀၂၅ ရက်နေ့တွင်သိရှိရပြီး ပျောက်ဆုံးသည့် သိန်းနှစ်ထောင်ကို စက်ရုံမှစိုက်ထုတ်၍ အလုပ်သမားများ၏ လုပ်ခလစာအား အပြည့်အဝပေးချေခဲ့ကြောင်း၊ ငွေကျပ်သိန်းနှစ်ထောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တက်သစ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ သံသယရှိသူအား ၇-၉-၂၀၂၅ ရက်နေ့ ၂၀:၀၀ နာရီမှ ၉-၉-၂၀၂၅ ရက်‌ နေ့ ၁၄:၀၀ နာရီအထိ ရဲစခန်း၌ ခေါ်ယူစစ်ဆေးပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါအလုပ်သမားမှာလည်း ၂၆-၉-၂၀၂၅ ရက်နေ့ မှစ၍ စက်ရုံ၌ အလုပ်ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း၊ ၁၀-၉-၂၀၂၅ ရက်နေ့တွင် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သည့် ဌာနဝန်ထမ်းဟောင်းနှင့် အပေါင်းအပါ ၂ ဦးတို့အား ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း၊ စက်ရုံဘက်မှ အခြားအလုပ်သမားများအား ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း ပြုလုပ်မှုမရှိကြောင်း၊ ငွေပျောက်ဆုံးမှုနှင့်ပတ်သက်၍ စစ်တပ်အား ခေါ်ယူခဲ့ခြင်း မရှိကြောင်း၊ အထည်စံချိန်ကို အလုပ်သမားများ ချုပ်လုပ်နိုင်သည်ထက်ပို၍တောင်းခံခြင်း မရှိကြောင်း၊ စံချိန် မပြည့်ပါက လုပ်ခလစာဖြတ်တောက်ခြင်း မရှိကြောင်း၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများမှ  ရိုင်းစိုင်းစွာပြောဆိုခြင်း မရှိကြောင်း၊ ဥပဒေပါခွင့်များတင်ပြတောင်းခံလာပါက စက်ရုံဘက်မှ ဥပဒေနှင့်အညီ ခံစားခွင့်ပေးထားကြောင်းနှင့် စက်ရုံမှ အလုပ်သမားများကို အလုပ်တစ်ရက်ပျက်ပါက လုပ်ခလစာဖြတ်တောက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန