အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း၊ အမှတ် (၁၁၇)ရှိ Mr. Wang Xiaocheng (တရုတ်နိုင်ငံသား) ပိုင် Myanmar Bestex Garment Co.,Ltd အထည်ချုပ်စက်ရုံ အလုပ်သမားများသည် ခွင့်ပြုချက်မဲ့ အချိန်ပို ခေါ်ယူကြောင်း၊ အချိန်ပိုကြေးမပေးကြောင်း၊ စက်ရုံမှ ညနက်အချိန်ပို (အောလင်း) များလည်း မကြာမကြာခေါ်ကြောင်း၊ မဆင်းပါက ဝန်ခံကတိထိုးရပြီး မထိုးလျှင် အလုပ်မှ ထွက်ရကြောင်း၊ ၂-၇-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့)တွင် အချိန်ပိုဆင်းခိုင်းကြောင်း၊ အလုပ် သမားများ ရှောင်တခင်ခွင့် ခံစားခွင့်မရရှိကြောင်း၊ လုပ်သက်ခွင့် (၁၀) ရက်ကိုလည်း ငွေကြေးနဲ့ လဲလှယ်ကြောင်း၊ စက်ရုံမှူးနှင့် ကျွမ်းကျင်ပညာရှင် တရုတ်နိုင်ငံသားများမှ အလုပ်သမားနှင့် ဝန်ထမ်းများကို ဆဲဆိုခြင်း၊ ပစ္စည်းများနှင့်ပစ်ပေါက်ခြင်းများ ပြုလုပ် နေကြောင်း၊   စက်ရုံတာဝန်ရှိသူများမှ အလုပ်ထွက်စာမတင်သည့် အလုပ်သမား၏လစာကို ငွေကျပ် ၃,၆၀၀/- နှင့်တွက်ချက်ပေးကြောင်း၊ အလုပ်ထွက်သည့် နောက်ဆုံးလစာကို လကုန်ပြီး သုံးပတ်အကြာ (၂၂) ရက်နေ့တွင် ထုတ်ပေးကြောင်း၊ အထည်စံချိန်မပြည့်ပါက အချိန်ပိုလုပ်ကိုင်ရကြောင်း၊ အလုပ်တစ်ရက်ပျက်ပါက ရက်မှန်ကြေးခံစားခွင့်များ မပေး ကြောင်း၊ အလုပ်သမားများထံမှ လူမှုဖူလုံရေးကြေးဖြတ်တောက်နေသော်လည်း (၄) နှစ် ကျော်ကြာသည့်အထိ လူမှုဖူလုံရေးကတ် မရရှိကြောင်းနှင့် အလုပ်သမားများအားလုံး လူမှု ဖူလုံရေးအတွက် အခကြေးငွေ ပေးဆောင်ထားသော်လည်း ပေးသွင်းငွေများကို (၃)လ ကျော်ကြာ မပေးသွင်းဘဲ အလွဲသုံးမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၁၇-၇-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ် ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ စက်ရုံပိုင်ရှင်၊ မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စား လှယ် ၂ ဦး၊ လိုင်းအလိုက်အလုပ်သမား (၂၅) ဦးတို့အားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များ အရ အောက်ပါတို့ကိုသိရှိရပါသည်-

(က)   အချိန်ပိုကြေးအား တစ်နာရီလျှင် ကျပ် ၁,၂၀၀/- ပေးချေထားသည်ကို စိစစ် တွေ့ရှိရကြောင်း၊ အချိန်ပိုခွင့်ပြုမိန့်ကို အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ လှိုင်သာယာစက်မှုဇုန်ရုံးတွင် ခွင့်ပြုမိန့် ကြိုတင်လျှောက်ထား ရယူ၍ လုပ်ကိုင်ဆောင်ရွက်နေသော စက်ရုံဖြစ်ပါကြောင်း၊

(ခ)     စက်ရုံဘက်မှ အလုပ်သမားများအား ညလုံးပေါက် (အောလင်း) အချိန်ပို ခိုင်းစေခြင်းမရှိပါကြောင်း၊ အချိန်ပိုလုပ်ကိုင်မှုမရှိသည့် အလုပ်သမားများ ကိုလည်း ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းခြင်း မရှိပါကြောင်းနှင့် ၂-၇-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့)တွင် စက်ရုံဖွင့်လှစ်လုပ်ကိုင်ခြင်း မရှိပါကြောင်း၊

(ဂ)    အလုပ်သမားများအား ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ လုပ်သက်ခွင့်နှင့် မီးဖွားခွင့်တို့ကို ခံစားခွင့်ပြုထားပါကြောင်းနှင့် လူမှုဖူလုံရေး ဆေးလက်မှတ် ခွင့်ရက်များအတိုင်း နားရက်အပြည့်အဝရရှိပြီး ဆေးခွင့်ဖြင့် နားသည့်ရက်များ တွင် ဒေးကြေးအပြည့်ခံစားခွင့် ရရှိပါကြောင်းနှင့် လုပ်သက်ခွင့်နှင့်ပတ်သက်၍ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်း၍ အလုပ်သမားသဘောဆန္ဒနှင့်အညီ ရယူ ခံစားခြင်းဖြစ်ပါကြောင်း၊

(ဃ)   နိုင်ငံခြားသားက အလုပ်သမားများအားဆဲဆိုခြင်း၊ ပစ္စည်းများနှင့် ပစ်ပေါက်ခြင် ကဲ့သို့သော ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမရှိပါကြောင်းနှင့် နုတ်ထွက်စာ မတင်ဘဲ အလုပ်မှနုတ်ထွက်သွားသည့် အလုပ်သမားများ အား စက်ရုံဘက်မှ လုပ်ခလစာထုတ်ပေးရာတွင် ဒေးကြေးကျပ် ၄,၈၀၀/-ဖြင့် ပေးချေထားပါ ကြောင်း၊

(င)     စက်ချုပ်အလုပ်သမား (၂၂) ဦးတို့သည် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက်စာချုပ်ပါ အချက်များအားချိုးဖောက်ပြီး ကြိုတင်နုတ်ထွက်စာမတင်ဘဲ အုပ်စုလိုက် အလုပ်မှနုတ်ထွက်ခဲ့မှုကြောင့် ကုန်သေတ္တာပို့ဆောင်ရမည့်ရက်ကို နောက်ကျစေခဲ့သဖြင့် အလုပ်ရှင်မှ ငွေကြေးအခက်အခဲ ရှိခဲ့သည့်အတွက် (၂၂) ရက်နေ့ရောက်မှ ရှင်းလင်းပေးချေရခြင်းဖြစ်ကြောင်းနှင့် နုတ်ထွက်စာ တင်သည့် အလုပ်သမားများ၏ လုပ်ခလစာကို လဆန်း (၅)ရက်နေ့တွင် အပြီးပေးချေပါကြောင်း၊

(စ)    စက်ရုံမှ အလုပ်သမားများ အထည်စံချိန်မပြည့်ပါက အချိန်ပိုကြေး မပေးဘဲ အတင်းအကြပ် အချိန်ပိုခိုင်းစေခြင်း မရှိပါကြောင်းနှင့် အလုပ်တစ်ရက် ပျက်ပါက ရက်မှန်ကြေး ဖြတ်တောက်မည်ကို အလုပ်ရှင်မှ အလုပ်သမားအား ကြိုတင် အသိပေးထားပြီးမှ ဖြတ်တောက်ခြင်းဖြစ်ပါကြောင်း၊

(ဆ)   အာမခံအလုပ်သမားများအားလုံး လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားများ ကိုလည်း လက်ဝယ်ရရှိပြီးဖြစ်ပြီး (၇/၂၀၂၃) လတွင် အသစ်ဝင်ရောက်သည့် အလုပ်သမားများအတွက်ကို ကတ်ရရှိရေး ဆောင်ရွက်နေပါကြောင်းနှင့် စက်ရုံသည် (၆/၂၀၂၃)လတွင် အလုပ်သမား ကျား (၄၃)ဦး၊ မ (၃၅၁)ဦး၊ ပေါင်း (၃၉၄) ဦးတို့ဖြင့် လူမှုဖူလုံရေးထည့်ဝင်ကြေးကို ပေးသွင်းရန်ဆောင်ရွက် ထားပါကြောင်း။

          Myanmar Bestex Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်း ဖော်ပြထားမှုများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန