အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရမည့် နည်းလမ်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ခံအရာရှိများတွေ့ဆုံပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မေလ ၂၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သောအလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ၂၉-၅-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများမှ ဌာနအကြီးအကဲများ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊ အထူးစီးပွားရေးဇုန်ရုံးများ၊ မြို့နယ်တာဝန်ခံအရာရှိများ၊ ရုံးချုပ်(နေပြည်တော်)ရှိ အရာထမ်းများနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက် ရှိသော မြို့နယ်တာဝန်ခံအရာရှိများ၊ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား မကြာမီ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း သွားမည်ဖြစ်သည့်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ အထူးစီးပွားရေးဇုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံအရာရှိများအနေဖြင့် ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ ဖြေရှင်းဆောင်ရွက် ပေးရမည့် ကိစ္စရပ်များ၊ သိရှိသင့်သည့်အချက်များအား နားလည်သိရှိစေရန်အတွက် တာဝန်ရှိသူများကယခုကဲ့သို့ ရှင်းလင်းဆွေးနွေးမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေကြသော တာဝန်ခံအရာရှိများအနေဖြင့် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းချက်များ၏ ဆိုလိုသည့် အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိရှိမှသာ မိမိတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုမှန်ကန်စွာ ညှိနှိုင်းဖြေရှင်းဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအပါအဝင် အလုပ်သမားဥပဒေများသည် လုပ်ငန်းခွင်ရှိ အလုပ်သမားများ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် သာမက လူမှုတရားမျှတပြီး လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရန်၊ လုပ်ငန်းခွင်ပြဿနာများကိုဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်နိုင်စေရန်နှင့် ထိုမှတဆင့် လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်စေရေးအတွက် အရေးပါ သောကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို စည်းကြပ် အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ တာဝန်ခံအရာရှိများအနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များ၏ ဆိုလိုချက်များကို ရှင်းလင်းဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိရှိစေပြီးဥပဒေ၏ ရည်ရွယ်ချက်အပေါ် အောင်မြင်စွာအကောင် အထည်ဖော်ဆောင် ရွက်သွားနိုင်မည်ဖြစ်ကြောင်းပြောကြားပါသည်။

ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေနှင့်ပတ်သက်၍ တာဝန်ရှိသူများက အလေးထားဆောင်ရွက် ရမည့်အချက်များ၊ အလုပ်ရှင် / အလုပ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားမှုအပေါ် တက်ရောက်လာသည့် အရာထမ်းများကသိရှိလိုသည့်အချက် များအားပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းနှင့် ယခုဆွေးနွေးပွဲသည် အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် အဓိကအကောင်အထည်ဖော် ဆောင်ရွက်နေသည့် တာဝန်ခံအရာရှိများ အတွက် ကြိုတင်ပြင်ဆင်လေ့လာနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သောဆွေးနွေးပွဲဖြစ်ကြောင်းသိရသည်။