၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ ကျင်းပ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်းကောက်ကွက်ပေါင်း (၄၀၀၀) ကျော် ကောက်ယူမည်ဖြစ်ကြောင်းသိရ။

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ။
၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ(၁၃)ရက်၊ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်သူ့အင်အားဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ဒုတိယအသုတ် ကောက်ယူမည့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအတွက် နည်းပြ သင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းအမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်း လိုက်သည်။
ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀၀၀) ကျော် ကောက်ယူမည်ဖြစ်ပြီး
နိုဝင်ဘာလမှစတင်၍ (၄)သုတ်ခွဲကာ ကောက်ယူမည်ဖြစ်သည်။ ကြားဖြတ်သန်းခေါင်စာရင်းကို ယခင်ကောက်ယူခဲ့သည့် မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ Mobile Tablet ကိုအသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းမေးမြန်း ကောက်ယူသည့်စနစ် (Computer – assisted Personal Interviewing – CAPI ) စနစ်ဖြင့် ကောက်ယူမည်ဖြစ်သည်။ ယင်းသို့ကောက်ယူနိုင်ရေးအတွက် နည်းပြသင်တန်းများကိုလည်း (၄) သုတ်ခွဲကာ ကျင်းပ မည်ဖြစ်ပြီး နည်းပြသင်တန်းဆင်းများက သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
ပထမအသုတ်နည်းပြများသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး
ယင်းဒေသများ၌ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို နိုဝင်ဘာလ (၁၈) ရက်မှ ဒီဇင်ဘာလ (၁) ရက်အထိ ကောက်ယူမည်ဖြစ်သည်။ ယခုဒုတိယအသုတ်ဖွင့်လှစ်သည့် နည်းပြသင်တန်း အမှတ်စဉ် (၂) တွင် ကရင်၊ ကယား၊ မွန်ပြည်နယ်တို့နှင့် တနင်္သာရီ၊
ဧရာဝတီ တိုင်းဒေသကြီးတို့မှ နည်းပြအဖြစ်ဆောင်ရွက်မည့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများမှ အရာထမ်း (၁၉) ဦးနှင့် ဒေသခံလူငယ် (၅၄)ဦး၊ ပြည်သူ့အင်အားဦးစီးဌာန (ရုံးချုပ်) မှ (၂၃)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၉၆)ဦးတက်ရောက်၍ သင်တန်းကာလ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

IMG_0056

IMG_0071