ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီလ ၂၄ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ လက်ရှိဆောင်ရွက်နေသော အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးဆက်လက်ဆောင်ရွက်နေမှု၊Decent Work Country Programme – DWCP အစည်းအဝေး တက်ရောက်ပြီးစီးခဲ့မှု၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် (Training of Trainers -ToT) သင်တန်းဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ တွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက် ရေးတိုင်ကြားမှုယန္တရား (National Complaint Mechanism) ထူထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့မှု၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ National Action Plan (မူကြမ်း)ကို ဒုတိယသမ္မတ ဦးစီး၍ အလေးထားဆောင်ရွက်နေမှု ၊ ILO နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် မိမိတို့ ဝန်ကြီးဌာနမှပူးပေါင်းဆောင်ရွက်မည့်အခြေအနေ ဓါတ်ပုံပြပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှု၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဌနှင့်တွေ့ဆုံဆွေးနွေးခဲ့မှုကို ဦးစွာရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines က ILO နှစ် ၁၀၀ ပြည့်အခမ်းအနား ကျင်းပရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးနေမှုများနှင့်ပတ်သက်၍အထူးကျေးဇူးတင်ရှိပါကြောင်း၊ အဓမ္မခိုင်းစေမှု ပပျောက်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ လုပ်ငန်းစီမံချက်ဆောင်ရွက်နေမှုများ၊ တပ်မတော်အရာရှိများနှင့် အစိုးရအရာရှိများ အားနည်းပြသင်တန်းပေး ဆောင်ရွက်နေမှုကို အသိအမှတ်ပြုပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Training of Trainers (ToT) သင်တန်းများ ဆက်လက် ဖွင့်လှစ်ဆောင်ရွက် ပေးစေလိုကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် (ILO) အုပ်ချုပ်မှုအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းရန်ရှိမှု၊ တိုင်ကြားမှုယန္တရား (Complaints Mechanism) နှင့်ပတ်သက်၍ ကြားကာလအတွင်း တပ်မတော်မှ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် Forum တွင်အခြားသောနိုင်ငံများနှင့် အာဆီယံဒေသတွင်းနိုင်ငံများမှကျင့်သုံး ဆောင်ရွက်နေမှုများကို နမူနာယူ၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် ပုံစံများကျင့်သုံးသွားရန် အဓိကကျကြောင်း၊ အသင်းအဖွဲ့များလွတ်လပ်စွာဖွဲ့စည်းခြင်း (FOA)နှင့် စပ်လျဉ်း၍(Direct Contract Mission -DCM) ၏ အစီရင်ခံစာအရ တိုးတက်မှုအခြေအနေ ရှိသော်လည်းနောက်ပြန်လှည့်မည့် အခြေအနေများမြင် တွေ့ရကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့်ပတ်သက်၍ အလုပ်သမားသမဂ္ဂများ အလုပ်ထုတ်ခံ နေရမှုအပေါ်မည်သို့ဖြေရှင်းပေးနေကြောင်းကိုမေးမြန်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဓမ္မခိုင်းစေမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ မကြာမီကာလ အတွင်း လူသစ်စုဆောင်းမှုနှင့်ပတ်သက်၍ အရာရှိ ၁၄၀ ဦး နှင့် အခြားအဆင့် ၁၆၀ ဦးကို အရေးယူဆောင်ရွက်ခဲ့ပြီး အသက်မပြည့်သူများနှင့် ပတ်သက်၍ အမှုတွဲ ၄၀၀ မှ ၆၀၀ အကြားဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဓမ္မခိုင်းစေမှုနှင့် ကလေးအလုပ်သမားကိစ္စများ တွင် တပ်မတော်မှ ပိုမိုပူးပေါင်းဆောင်ရွက်လာမည်ဟုယုံကြည်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းဝင် များအလုပ်ထုတ်ခံရမှုနှင့်ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်များကိုရည်ရွယ်ချက်ရှိရှိနှင့် ဆောင်ရွက်နေခြင်း ဖြစ်မည်ဟုမယုံကြည်ကြောင်း၊ အချို့စက်ရုံအနည်းစုသာ ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ အများစု မှာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်မှုများကြောင့်သာ အရေးယူဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်ရှင်အလုပ်သမား များကို အသိပညာပေးဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံအလိုက် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)များဖွဲ့စည်းကာလုပ်ငန်းခွင် အတွင်းဖြေရှင်းနိုင်ရေး မိမိကိုယ်တိုင်ကွင်းဆင်း၍ ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့အလုပ်ရှင်များ အားနည်းချက်ရှိသလို အလုပ်သမားများဘက်မှလည်း အားနည်းချက် ရှိပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ပြောစကားများ လက်ခံစဉ်းစားပြီးဥပဒေနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ နှင့် အဖွဲ့ကို ၂၃-၁-၂၀၁၉ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပြီး အလုပ်သမားအဖွဲ့အစည်းဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ဆောင်ရွက်ထားရှိမှုများကို ၎င်းတို့အဖွဲ့ဝင်များ သိသူရှိသလို၊ မသိသူများလည်းပါဝင်နေ၍ ၎င်းတို့အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်ဟုယုံကြည်ကြောင်း၊ ၎င်းတို့အဖွဲ့အနေဖြင့် သုံးပွင့်ဆိုင်ဆွေးနွေးမှုအဖွဲ့မှ နှုတ်ထွက်မည်ဆိုသည့်ကိစ္စအပေါ် ပြန်လည်ညှိနှိုင်း မည်ဟုသိရှိရကြောင်း၊ (CTUM) ဥက္ကဋ္ဌမှ မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် ကျေနပ်အားရသည်ဟုပြောကြားခဲ့ကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း၊ သုံးပွင့်ဆိုင်ဆွေးနွေးမှုများကို ILO နှင့် ထပ်တူကြိုဆိုပါကြောင်း၊ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားနှင့်ပတ်သက်၍ ILO၊သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊ပြည်နယ်များတွင် (Training of Trainers -ToT) သင်တန်း များဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven မှအလုပ်သမား များ အလုပ်ထုတ်ခံရခြင်းနှင့် အငြင်းပွားမှုဖြေရှင်းရေး ကိစ္စရပ်များအပေါ် အကြံပြုပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍ သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်ဆိုင်ရာ နိုင်ငံအစီအစဉ်အောက်တွင် အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက် (Action Plan) ကို ILO မှရေးဆွဲပေးပြီး အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group – HLWG) တွင်ဆွေးနွေးညှိနှိုင်းကာ ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ထံပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါအချိန်တွင် အမျိုးသားအဆင့်အဓမ္မခိုင်း စေမှုပပျောက်ရေးတိုင်ကြားမှုယန္တရား (National Complaints Mechanism) ကိုဆက်လက် ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ စုပေါင်းအငြင်းပွားမှုနှင့် တစ်ဦးချင်းအငြင်းပွားမှု များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ဥပဒေကိုပြန်လည်ဖြည့်စွက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ILOနှင့်ပိုမိုနီးကပ် စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြား၍ တွေ့ဆုံဆွေးနွေးပွဲကိုမွန်းတည့် ၁၂ ဝဝ နာရီတွင်ရုပ်သိမ်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။