အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍အလုပ်သမားရေးရာကိစ္စများဆွေးနွေး

နေပြည်တော် ဇန်နဝါရီလ ၂၃

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးဆောင်သောအဖွဲ့ အားယနေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီး ဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးမှ မိမိအနေ ဖြင့်အလုပ်ရှင်များ၊အလုပ်သမားအဖွဲ့အစည်းများကို မကြာခဏပုံမှန်တွေ့ဆုံလိုကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံခြင်းအားဖြင့်အလုပ်ရှင်၊အလုပ်သမားများ၏လိုအပ်ချက်များကိုသိရှိနိုင်မည်ဖြစ်ပြီး သိရှိများ မှ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းသာယာရေးကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဥက္ကဌနှင့် အဖွဲ့ဝင်အားလုံးကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် ကန့်သတ်ချက်များထားရှိခြင်း မရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးအကြံပြုပေးနိုင်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်သမားများ၏ အခန်းကဏ္ဍမည်မျှအရေးပါသည်ကို သိရှိနားလည်ပါကြောင်း၊ ထို့အတူအလုပ်ရှင်များ၏ အခန်းကဏ္ဍပါအရေးပါမှုကို နားလည်သဘောပေါက်ပါကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံမှုကောင်းမွန်ရေးနှင့် လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းသာယာရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အားလုံးတွင် တာဝန်အသီးသီးရှိကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက် ရာတွင်အားလုံး၌ အားနည်းချက် အားသာချက်များရှိနေပြီး မိမိတို့ဝန်ထမ်းများကို အရည်အချင်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် အလုပ်သမားရေးရာဥပဒေများကို ထိထိရောက်ရောက် ထဲထဲဝင်ဝင် သိရှိနိုင်စေရန်အတွက် သင်တန်းများ ပို့ချပေးလျှက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းပေးသည့် ဥပဒေများ အတိုင်းလိုက်နာကျင့် သုံးဆောင်ရွက်လျှက်ရှိကြောင်း၊

ထို့အတူလွှတ်တော်ရှိကော်မတီများနှင့်လည်း အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးတင်ပြလျှက်ရှိပါကြောင်း၊ အလုပ်သမားရေးရာအငြင်း ပွားမှုဥပဒေနှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေ(မူကြမ်း) ပြုစုရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား သုံးပွင့်ဆိုင်အဖွဲ့ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရေး၊ လိုအပ်ချက်များ၊ ထပ်မံပြင်ဆင် ထည့်သွင်းလိုသောအချက်များ ရှိပါက ဝန်ကြီးဌာနမှ အစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင်၍ သက်ဆိုင်ရာ လွှတ်တော်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညီညီညွတ်ညွတ်ညှိနှိုင်းဆောင် ရွက်မှသာ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေးနှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းသာယာ ရေးကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဥပဒေနှင့် အလုပ်သမား အဖွဲ့အစည်းဥပဒေ(မူကြမ်း)အဆိုပြုချက်များသည် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) ၏စံနှုန်းများ၊ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးအဖွဲ့ (Direct Contract Mission Report – DCM) ပါ အကြံပြုချက်များနှင့် ကိုက်ညီစေရေး၊၂၅-၁-၂၀၁၉ ရက်နေ့တွင် အမျိုးသား အဆင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွေးပြောဆိုမှုဖိုရမ်တွင် အကြေ အလည်ပါဝင်ဆွေးနွေးရေးအပါအဝင် ဥရောပကော်မရှင် (EU) မှ GSP ပြန်လည် ရုပ်သိမ်းရေး စဉ်းစားနေမှုများကိုသုံးပွင့်ဆိုင်စုပေါင်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာနိုင်မည်ဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ နှင့်အဖွဲ့ဝင် တာဝန်ရှိသူများမှ အလုပ်သမား၊အလုပ်ရှင်အဖွဲ့အစည်းဥပဒေ(မူကြမ်း)နှင့် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ(မူကြမ်း)တို့တွင် ပါဝင်သည့်အချက်များနှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များ၊ မြေပြင်တွင်တွေ့ကြုံနေရသည့် အလုပ်သမားအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာအခက်အခဲများ၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးရာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများမှ အလုပ်သမား၊ အလုပ်ရှင် အဖွဲ့ အစည်းဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ယခင်သဘောတူညီခဲ့သည့်အချက်များကိုပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် အလုပ်သမားအဖွဲ့အစည်းများ မြေပြင်တွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးအဆိုပါတွေ့ဆုံပွဲကိုနေ့လည် ၁၂:၃၀ နာရီတွင် ရုပ်သိမ်း ခဲ့ကြောင်းသတင်းရရှိပါသည်။