ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အိန္ဒိယနိုင်ငံ ၊ UIDAI ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yarram Lakshmi Prasada Rao နှင့်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၊ e-ID စနစ် အောင်မြင်စွာရေး အတွက် အတွေ့အကြုံများအကြံပြုနိုင်ရေးဆွေးနွေး။

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အိန္ဒိယနိုင်ငံ၊ Unique Identification Authority of India (UIDAI) ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yarram Lakshmi Prasada Rao နှင့်အဖွဲ့အား ဒီဇင်ဘာလ (၁၆) ရက် ၊ ယနေ့နံနက် (၁၁) နာရီတွင် အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် e-Government စနစ်အောင်မြင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ယင်းစနစ်၏အခြေခံဖြစ်သော e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု၊ e-ID စနစ် အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ၌ကျင့်သုံးနေသည့် Aadhaar စနစ် ဆောင်ရွက်မှုနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပဆောင်ရွက်ခဲ့မှု၊ ယခု အခါ e-ID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံနားလည်မှု စာချွှန်လွှာ (MoU) ရေးထိုးနိုင်ရေးဆောင်ရွက်နေသည့် လုပ်ငန်းအဆင့်ဆင့်၊ e-ID စနစ်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Unique ID ဆောင်ရွက်မည့်အစီအစဉ်၊ ယင်းလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် အိန္ဒိယနိုင်ငံ ၊ UIDAI မှ Aadhaar စနစ်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းအတွေ့အကြုံများ မျှဝေပေးနိုင် ရေးအခြေအနေ၊ UIDAI မှ ကိုယ်စားလှယ်များအနေဖြင့် မြို့နယ်ဦးစီးမှူးရုံးများ၌ နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သွားရောက်လေ့လာကာ e-ID စနစ် လုပ်ငန်းကော်မတီ အောက်ရှိ ဆပ်ကော်မတီများအား လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းအတွေ့အကြုံများ အကြံပေး ဆွေးနွေးဆောင်ရွက်နိုင်ရေးအခြေအနေ၊ Aadhaar စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျင့်သုံးလျက်ရှိသည့် ဥပဒေပြဌာန်းချက်များ၊ Data Center လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်းအကောင်အထည်ဖော်ရာ တွင် ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများဖြင့် ညှိနှိုင်းဆောင်ရွက်ရမည့်အခြေအနေ များ၊ e-ID စနစ် အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနိုင်မည့်အခက်အခဲများအပေါ် ဖြေရှင်း ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။ (-)