ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ Mrs. Suphatra Srimaitreephithak ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ ၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ Mrs. Suphatra Srimaitreephithak ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀:၀၀နာရီအချိန်တွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်ရောက်ရှိနေသော မြန်မာအလုပ်သမား များ EC စာချုပ်ပါအတိုင်းသတ်မှတ်ကာလပြည့်၍ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာပါက အဆိုပါ မြန်မာအလုပ်သမား ဝင်ရောက်လုပ်ကိုင်ခဲ့သည့် လုပ်ငန်း၏ အလုပ်ရှင်မှ လုပ်ငန်းနှင့်ပတ်သက်၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ MoU စနစ်ဖြင့် သွားရောက်သည့် အလုပ်သမားများ ယခင်ဗီဇာကြေး ဘတ် ၅၀၀ သာကောက်ခံနိုင်ရေး ကိစ္စရပ်များ၊ မြဝတီ မှ မဲဆောက် သို့ ရာသီချိန်အလိုက် သွားရောက်အလုပ်လုပ်ကိုင်သည့် လုပ်သားများ၏လုပ်ခလစာအား ထိုင်းနိုင်ငံ၏ တရားဝင်သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအတိုင်းရရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ပေးနိုင်ရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ တရားမဝင် လူစုဆောင်း ပို့ဆောင်/ လက်ခံဆောင်ရွက်ပေးနေသည့် နှစ်နိုင်ငံအတွင်းရှိလူပွဲစားများအား ဖော်ထုတ်အရေးယူဆောင်ရွက် နို်ငရေး ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိရေလုပ်ငန်းများတွင် မြန်မာလုပ်သားများအား MOU စနစ်ဖြင့် EC စာချုပ်ချုပ်ဆိုပြီး ဥပဒေနှင့်အညီ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ထိုင်း နိုင်ငံရနောင်းဘက်အခြမ်းတွင်ကာလကြာမြင့်စွာမြန်မာရွေ့ပြောင်းအလုပ်သမားများ၏ကလေးငယ် များအားစာသင်ကြားပေးနေသည့်ဆရာ/ဆရာမ ၃၀ ကျော်အားတရားဝင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြု ချက်မရှိ၍ ပြန်လည်စေလွှတ်ခံရခြင်းနှင့်ပတ်သက်၍ ကလေးငယ်များ၏ ပညာရေး အခက်အခဲဖြစ် ပေါ်နေသည့်အတွက်ပြန်လည်သင်ကြားခွင့်ရရှိရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်သမားများနှင့်ပတ်သက်သည့်ကိစ္စရပ်များအား နှစ်နိုင်ငံရှိသက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှရင်းနှီးခင်မင်စွာပူးပေါင်းဖြေရှင်းရေး စသည့်နှစ်နိုင်ငံအလုပ်သမားရေးရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။