ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian အား နေပြည်တော်၌တွေ့ဆုံ၊ ICRC ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၁၀ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ (၁၀)ရက် ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအနေဖြင့် ပြည်ဝင်ဗီဇာ လွယ်ကူစေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အခြားသောဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ် ဆောင်ရွက်နေသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များ အဆင်ပြေလွယ်ကူ စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် ဘေးဒုက္ခကျရောက်သည့် ဒေသ များနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ ရုံးများဖွင့်လှစ်ကာ အကူအညီပေး ဆောင်ရွက်နေမှု အခြေအနေများ၊ အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် ICRC တို့ လုပ်ငန်း ဆိုင်ရာ သဘောတူညီချက်များအရ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း ICRC မှကူညီပေးဆောင်ရွက်နေမှုနှင့် နေရပ်စွန့်ခွါသွားသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ မိမိဝန်ကြီးဌာနအနေဖြင့် ICRC ၏ လုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ICRC ဝန်ထမ်းများ ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များ အဆင်ပြေလွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ် များ၊ လုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိဌာနနှင့် ICRC တို့အကြား နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် လုပ်ငန်း အခက်အခဲများအား ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)