ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ လူဦးရေခန့်မှန်းခြင်း (၁၉၈၃-၂၀၁၄) သုတေသန အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ တက်ရောက်၊ နိုင်ငံတော်နှင့် စာရင်းအင်းအချက်အလက် အသုံးပြု သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြား။

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ။
လူဦးရေခန့်မှန်းခြင်း (၁၉၈၃-၂၀၁၄) သုတေသနအစီရင်ခံစာ (Population Estimates: 1983-2014 ) ထုတ်ပြန်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၂၄)ရက်၊ ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ၁၉၈၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း (၃၀) ကျော်ကြာ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးအသိ ပင်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်များကိုအခြေခံ၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်အစီရင်ခံစာ (၁၀၀၀) ခန့်ကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်နိုင်သကဲ့သို့ အသေးစိတ်ဆန်းစစ်လေ့လာထားသည့် သုတေသနစာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်းရလာဒ်မြေပုံတို့ကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊လူဦးရေကိန်းဂဏန်းအချက် အလက်အသုံးပြုသူများအနေဖြင့် နှစ်အလိုက်ခန့်မှန်းလူဦးရေစာရင်းကို အလွယ်တကူရယူ အသုံးပြုနိုင်ရန် ၂၀၀၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကိုအခြေခံ၍ တိုင်းဒေသကြီး /ပြည်နယ်၊ မြို့ပြ/ ကျေးလက် ခန့်မှန်းလူဦးရေစာရင်းကို ၂၀၁၄ ခုနှစ်မှ ၂၀၅၀ ခုနှစ်အထိ ခန့်မှန်း တွက်ချက်ကာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်နိုင်ခဲ့ပြီး ခရိုင်၊ မြို့နယ်အလိုက် ခန့်မှန်း လူဦးရေစာရင်းကို ၂၀၁၄ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ ခန့်မှန်းတွက်ချက်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု၊ မြို့ပြနှင့် ကျေးလက်ခန့်မှန်းလူဦးရေကို ၂၀၅၀ ခုနှစ် အထိ နှစ်အလိုက်ခန့်မှန်းပေးထားပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေကို မြန်မာနိုင်ငံ ၏ နှစ်ရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းအတွက်ရည်ရွယ်၍ ၂၀၃၁ ခုနှစ်အထိ နှစ်အလိုက် ထုတ်ပြန်ပေးထားခြင်းဖြစ်ပါကြောင်း၊ လူဦးရေခန့်မှန်းတွက်ချက်ခြင်းသည် အတိတ်ကာလနှင့် ပဇ္စုပ္ပန်ကာလရှိ လူဦးရေ၊ မွေးဖွားခြင်း၊သေဆုံးခြင်း၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း များ စသည်တို့နှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကိုသိရှိပြီး အနာဂတ် ကာလရှိ လူဦးရေဆိုင်ရာလိုအပ်ချက်များအတွက် စီမံကိန်းများကြိုတင်ရေးဆွဲရာတွင် အသုံးပြု ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း သန်းခေါင်စာရင်းမကောက်နိုင်ခဲ့ သည့်အတွက် ယင်းကာလနောက်ပိုင်း လူဦးရေအားခန့်မှန်းထုတ်ပြန်ခဲ့ရပါကြောင်း၊ လူဦးရေ ခန့်မှန်းခြင်းသည် (၁၀) နှစ်တာကာလအတွင်း အနီးစပ်ဆုံးမှန်ကန်နိုင်သော်လည်း (၁၀) နှစ် ကျော်သွားလျှင် မြေပြင်အခြေအနေနှင့် ကွဲပြားသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ သန်းခေါင်စာရင်းကို (၁၀) နှစ်တစ်ကြိမ် ကောက်ယူကြခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းမတိုင်မီ နှစ် (၃၀) ကျော် လူဦးရေ ခန့်မှန်းခဲ့ရခြင်းကြောင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းလူဦးရေကို ထုတ်ပြန်ရာတွင် ယခင်ခန့်မှန်း တွက်ချက်ထားသည့် လူဦးရေစာရင်းနှင့် များစွာကွာခြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယင်း ကဲ့သို့ကွာခြားသွားသည့်အတွက် နှစ်အလိုက်လူဦးရေကိုအခြေခံတွက်ချက်ရသည့် အညွှန်းကိန်း များ၌ အကျိုးသက်ရောက်နိုင်ပါကြောင်း၊ အလားတူ ကာလအလိုက်ပြောင်းလဲခြင်းများကို လေ့လာရာတွင်လည်း အခြေအနေမှန်နှင့် ကွဲလွဲနိုင်ပါကြောင်း၊ ထို့ကြောင့် ၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ နှစ်အလိုက်လူဦးရေကို ပြန်လည်ခန့်မှန်းတွက်ချက်ရန် လိုအပ်လာသည့်အတွက် ယခုကဲ့သို့ ၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လူဦးရေခန့်မှန်းခြင်းသုတေသနအစီရင်ခံစာကို ပြည်တွင်း/ပြည်ပ လူဦးရေပညာရှင်များဖြင့် ပူးပေါင်းရေးသားပြုစုကာ ယခုထုတ်ပြန်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုအစီရင်ခံစာကို ပြည်သူ့အင်အားဦးစီးဌာနက UNFPA နှင့် World Bank တို့ ၏ နည်းပညာအကူအညီဖြင့် ရေးသားပြုစုခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းအစီရင်ခံစာပြုစုရာတွင် ၁၉၈၃ ခုနှစ် ၊ လူဦးရေကိုအခြေခံ၍ စစ်တမ်းများမှရရှိတဲ့ မွေးနှုန်း၊ သေနှုန်း၊ ပြောင်းရွှေ့သွားလာ နှုန်းများနှင့် ကုလသမဂ္ဂမှထုတ်ပြန်သည့် လူဦးရေကိန်းဂဏန်းအချက်အလက်များကို ထည့်သွင်း စဉ်းစားတွက်ချက်ထားခြင်းကြောင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းလူဦးရေနှင့်လည်း အနီးစပ်ဆုံး ကိုက်ညီမှုရှိသည်ကိုတွေ့ရှိရပြီး ကုလသမဂ္ဂမှထုတ်ပြန်ထားခဲ့သည့် လူဦးရေနှင့်လည်း အနီးစပ် ဆုံးတူညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ လူဦးရေခန့်မှန်းခြင်း၊ သုတေသနအစီရင်ခံစာများ ထုတ်ပြန်ပေးခြင်းသည် စာရင်းအင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာ ဗျူဟာကို အကောင်အထည်ဖော်ခြင်း ဖြစ်သကဲ့သို့ စာရင်းအင်းအသုံးပြုသူများအနေဖြင့် နှစ်ရှည် Time Series ဖြင့် ဖော်ပြရမည့် အကြောင်းအရာများတွက်ချက်ရာတွင် များစွာ အသုံးဝင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ဌာန အနေဖြင့် သန်းခေါင်စာရင်း အချက်အလက်များကို မျှဝေရာတွင် Online နှင့် Offline နှစ်ခုလုံးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ထုတ်ပြန်သည့် လူဦးရေ ကိန်းဂဏန်း အချက်အလက်များကိုအသုံးပြု၍ မြန်မာနိုင်ငံ၏လူဦးရေ နှင့် လူမှုစီးပွားအခြေ အနေများကို အတိတ်၊ ပဇ္စုပ္ပန်နှင့် အနာဂတ်ကာလများအတွက် ဆန်းစစ်လေ့လာ သုံးသပ်နိုင်ခြင်း ကြောင့် နိုင်ငံတော်နှင့် စာရင်းအင်းအချက်အလက် အသုံးပြုသူများအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan မှ လူဦးရေခန့်မှန်းခြင်း (၁၉၈၃-၂၀၁၄) သုတေသနအစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်သူ့အင်အား ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများက လူဦးရေ ခန့်မှန်း ခြင်း (၁၉၈၃-၂၀၁၄) သုတေသနအစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းနှင့် အစီရင်ခံစာပါ ရလာဒ်များ နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ သိရှိလို၍ မေးမြန်း ချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။ (-)