ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ လ ၂၀ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ပတွင်အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀:၀၀ အချိန်တွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌ၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှအမြဲတမ်းအတွင်းဝန်များ၊တာဝန်ရှိသူများနှင့်ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌မိမိအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှ ဝန်ထမ်းများဖြင့် ထိုင်းနိုင်ငံမှာရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား များကိုမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးခဲ့ရာတွင် အလုပ်သမား များ၏ Bio Matrix ကိုယ်ရေးအချက်အလက်များကို မျက်စိသူငယ်အိမ် scanဖတ်ခြင်း၊ လက်ဆယ်ချောင်းလက်ဗွေရယူခြင်းတို့ဆောင်ရွက်ပြီး ၁၃-၅-၂၀၁၉ ရက်နေ့ထိ အလုပ်သမား စုစုပေါင်း ၁,၆၆၆,၁၁၅ဦး၏ အချက်အလက်များကို ကောက်ယူ၍နိုင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်သမားများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက်များကို National Data Center တွင်ထိန်းသိမ်းထားရှိတာကြောင့် အဆိုပါအချက် အလက်များကိုမည်သည့်ဌာနမှမဆို လိုအပ်သလိုအသုံးပြုနိုင်မှာ ဖြစ်ပါကြောင်း။

ထိုင်းနိုင်ငံသို့MoUစနစ်နဲ့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ဥပဒေပါ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ ရရှိခံစားနိုင်ရန် နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်မှုများထိရောက်စွာလုပ်ဆောင်နိုင်ခဲ့ပါကြောင်း။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်း၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရအကြား နှစ်နိုင်ငံညှိနှိုင်း အစည်းအဝေးများကို အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ကျင်းပခဲ့သည့် “မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများညှိနှိုင်းအစည်းအဝေး” ကို ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ဦးဆောင်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့ နှင့်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တို့မှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ပြီး ထိုင်းနိုင်ငံသို့ MoUစနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဥပဒေပါအခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှု များ ရရှိခံစားနိုင်ရန်နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းကြိုးပမ်းဆောင်ရွက်မှုများ ထိရောက်စွာလုပ် ဆောင်နိုင်ခဲ့ပါကြောင်း။

အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံသို့မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်သည့် MoUလုပ်ငန်းစဉ်များ၊ ၂၀၁၉ခုနှစ်၊နိုဝင်ဘာလ၁ရက်နေ့နှင့် ၂၀၂၀ခုနှစ်၊ မတ်လ၃၁ရက်နေ့တို့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများဆက်လက် အလုပ် လုပ်ကိုင်ခွင့်ရရှိရေး၊ မြန်မာအလုပ်သမားများအား ဥပဒေပါ အခွင့်အရေးအပြည့်အဝရရှိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုပေးရေး၊ ထိုင်းနိုင်ငံသို့ MoUစနစ်ဖြင့် မြန်မာရေလုပ်သားများ စေလွှတ်နိုင်ရေး၊ MoU စနစ်ဖြင့်ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် သတ်မှတ်ခြင်းနှင့် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော အလုပ်သမား များအလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ရေးတို့ကိုညှိနှိုင်း ဆွေးနွေး ခဲ့ပါကြောင်း။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံမှာရှိတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းများသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ သတ်မှတ်ချက်များနဲ့အညီ မြန်မာ ရေလုပ်သားများ စေလွှတ်ရန် ၂၇-၁၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၇/၂၀၁၈) ကြိမ်မြောက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးမှ ခွင့်ပြုမိန့်ရရှိခဲ့ပြီး သက်ဆိုင်ရာအေဂျင်စီများမှ လုပ်သားများစေလွှတ်ရေး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ မြန်မာနိုင်ငံသို့ နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ၊ အတတ်ပညာများနှင့် အသိပညာများ လွှဲပြောင်းပေးနိုင်ရန်၊ ထိုမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရအကြား နည်းပညာအလုပ်သင် သင်တန်းသားစီမံချက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (MOC) ကို၁၉-၄-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ဂျပန်နိုင်ငံသို့ နည်းပညာအလုပ်သင် သင်တန်းသားများအား စနစ်တကျ စေလွှတ်လျက်ရှိပါကြောင်း။

ထို့အပြင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ကျွမ်းကျင်လုပ်သားနေထိုင်ခွင့်ပုံစံ ဖြင့် နိုင်ငံခြားသား လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာစနစ်အား စနစ်တကျ လည်ပတ်ဆောင်ရွက်မှု နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံမူဘောင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MOC) ကို ၂၈-၃-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်နိုင်ငံမှ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားခေါ်ယူရန် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စာမေးပွဲလာရောက်စစ်ဆေးရန် လျာထားပါကြောင်း။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ အစည်းအဝေး ခွင့်ပြုချက်ဖြင့် “ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်” ကိုဖွဲ့စည်းပြီးဖြစ်ကာ နိုင်ငံတော်၏ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သော ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အတွက် ကောင်းမွန်သည့်လုပ်ငန်းခွင် ဖြစ်စေရေး၊ ဥပဒေနှင့်အညီခံစားခွင့်များ ရရှိစေရေး အဆိုပါ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏အခက်အခဲများနှင့် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန် မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ ပြည်ပတွင်အလုပ်လုပ် ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ငွေကြေးသုံးစွဲမှုအခြေအနေ များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ်များအလိုက် ရွှေ့ပြောင်းအလုပ်သမားများ အား ကာကွယ်စောင့်ရှောက် ပေးမှုအခြေအနေများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ငွေကြေးများ အား မြန်မာနိုင်ငံသို့ပြန်လည်လွဲပို့ပေးနိုင်မည့် အခြေအနေများ၊ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာ သည့်တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများသူများအား ကြိုဆိုလက်ခံရေးဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အားဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၂:၀၀ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။