အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ ပြည်ထောင်စုဝန်ကြီးတက်ရောက်ပေးအပ်

ရန်ကုန်၊ စက်တင်ဘာ ၇ ရက်
၁။ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ရန်ကုန်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)၌ စက်တင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး၊ ဂျာမနီနိုင်ငံသံရုံးနှင့် NSSA မှတာဝန်ရှိသူများ၊ မိတ်ဖက်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများနှင့်ပုဂ္ဂလိကသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ၊ GIZ၊ Swisscontact စသည့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများအပါအဝင် စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက် ခဲ့သည်။
၂။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် NSSA သည် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်များကို အဆင့်(၄)ဆင့် ခွဲခြားသတ်မှတ်၍ ကျွမ်းကျင်မှုအဆင့်(၁)နှင့် အဆင့်(၂) တို့ကို စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရရှိပြီးသူ လုပ်သားများအနေဖြင့် မိမိတို့အသိအမှတ်ပြုခံရသည့်ကျွမ်းကျင်မှု အဆင့်အရလုပ်ငန်းခွင်အပေါ်ထားရှိသည့်စိတ်ထားများပြောင်းလဲပြီး စံချိန်စံညွှန်းနှင့်အညီကုန်ပစ္စည်း များတိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်ရှင်များကလည်း ကျွမ်းကျင် လုပ်သားများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီးချီးမြှင့်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
၃။ Globalization ဖြစ်စဉ်အရ ကမ္ဘာကြီးသည် အရှိန်အဟုန်ဖြင့်လျင်မြန်စွာ ပြောင်းလဲခဲ့ရာတွင် Industrial 4.0 ထိ အဆင့်ဆင့် ဆင့်ကဲဆင့်ကဲ ပြောင်းလဲလာသော ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ အတွင်း အဓိကမောင်းနှင်နေသူများသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးအဆင့် အတန်းမြှင့်မားရန်လိုအပ်ကြောင်း၊ လုပ်သားစျေးကွက် အတွင်းရှိလုပ်ငန်းခွင်အသီးသီးမှ လုပ်သားများအတွက် ဘဝတစ်သက်တာ လေ့လာသင်ယူနိုင်သည့် ပညာရေးလမ်ကြောင်းများ လမ်းဖွင့်ပေးလျက်ရှိကြောင်း၊ လုပ်သားကျွမ်းကျင်မှုလုပ်ငန်းစဉ်အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပြည်တွင်း/ပြည်ပ ရင်းနှီးမြှပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးမှုနှင့် ဟန်ချက်ညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်သားစျေးကွက်လိုအပ်ချက်နှင့် လုပ်သားစျေးကွက်သွင်းအားစု အကြားတွင် ကွာဟမှုမများရန်၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်၊ ကျွမ်းကျင်မှု သင်တန်းများနှင့် Upskill, Reskill လေ့ကျင့်သင်ကြားရန်လိုအပ်ကြောင်း၊ အသက်မွေးမှုလမ်းကြောင်း အတွင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်စေရေးအတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များရယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၄။ အခမ်းအနားတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် အောက်မြန်မာပြည်ရှိ၊ NSSA ၏ စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် စစ်ဆေးခဲ့သည့် အလုပ်အကိုင် (၁၄) မျိုးမှ အရည်အချင်းပြည့်မီသည့် လုပ်သား (၁၀၄၄) ဦးကို အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးဌာန(၆) ခုနှင့် စစ်ဆေးအကဲဖြတ်သူ (၁၈) ဦးတို့ကို အသိအမှတ်ပြု လက်မှတ်များပေးအပ် ခဲ့ပါသည်။
၅။ NSSA သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ဆေးအကဲဖြတ်ဋ္ဌာန (၇၄) ခု ဖွင့်လှစ်၍ အထည်ချုပ်၊ လျှပ်စစ်၊ အုတ်စီ၊ လက်သမား၊ လေအေး ပေးစက်ပြုပြင်တပ်ဆင် အလုပ်အကိုင်များ အပါအဝင် အလုပ်အကိုင်(၁၈) မျိုး အတွက် အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သား (၇၇၁၀) ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊ NSSAလုပ်ငန်းစတင်ခဲ့သည့် ၂၀၁၄ခုနှစ်မှစပြီးကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ပေးခဲ့ရာ ၂၀၁၄ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံတစ်ဝှမ်း အလုပ် အကိုင်(၂၃) မျိုးမှ အမျိုးသားကျွမ်းကျင်မှု အဆင့်(၁)နှင့်(၂) အတွက် ကျား (၉၃၈၇)ဦး၊ မ (၃၇၅၉) ဦး၊ စုစုပေါင်း(၁၃၁၄၆) ဦးကိုအရည်အချင်းပြည့်မီကြောင်းစစ်ဆေးအကဲဖြတ်ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။