၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နမူနာကောက်ကွက်များ ရွေးချယ်သတ်မှတ်၍ စာရင်းကောက်ကွက်မြေပုံများ Update ပြုလုပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ။

နေပြည်တော်၊ ဇူလိုင် ၂၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် အားလုံး၌ နမူနာကောက်ကွက်များ ရွေးချယ်သတ်မှတ်၍ တိကျမှန်ကန်သည့်စာရင်းများရရှိရန်နှင့် မြေပြင်ပေါ်၌ လက်ရှိအခြေအနေများနှင့်ကိုက်ညီရန် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာ ဒေသများသို့ကွင်းဆင်းကာ စာရင်းကောက်ကွက်မြေပုံများ Update ပြုလုပ်ခြင်းနှင့် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဧပြီ (၁) ရက်မှ ဇူလိုင် (၁၄) ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရနှင့် ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ် (၈) မြို့နယ်၏ နမူနာစာရင်း ကောက်ကွက် (၁၁၆) ကွက်၊ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် မင်းတပ်ခရိုင်တို့အတွင်းရှိ မြို့နယ် (၉)မြို့နယ်၏ နမူနာစာရင်းကောက်ကွက် (၉၈)ကွက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ လပွတ္တာနှင့် ဟင်္သာတခရိုင်တို့အတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၏ နမူနာစာရင်း ကောက်ကွက် (၄၈၇)ကွက်၊ ကရင်ပြည်နယ် ဘားအံ၊ ဖာပွန်၊ မြဝတီနှင့် ကော့ကရိတ်ခရိုင်တို့အတွင်း ရှိ မြို့နယ်(၇)မြို့နယ်၏ နမူနာစာရင်းကောက်ကွက် (၁၈၃)ကွက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်၏ နမူနာစာရင်း ကောက်ကွက်(၁၄၆)ကွက်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအိုခရိုင်တို့ အတွင်းရှိ မြို့နယ် (၁၇) မြို့နယ်၏ နမူနာစာရင်းကောက်ကွက်(၁၇၃)ကွက်၊ ကယားပြည်နယ်၊ လွိုင်ကော်နှင့် ဘော်လခဲခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်၏ နမူနာစာရင်းကောက်ကွက်(၆၈)ကွက်၊ မွန်ပြည်နယ်၊ မော်လမြိုင်နှင့် သထုံခရိုင်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်၏ နမူနာစာရင်း ကောက်ကွက်(၁၅၁)ကွက်တို့တွင် Digitizing ပြုလုပ်သည့် စာရင်းကောက်ကွက်မြေပုံများဖြင့် လက်တွေ့ကွင်းဆင်း၍ မြေပုံ Update ပြုလုပ်ခြင်းနှင့် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ် ၊ တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မိုးမိတ်၊ ကွမ်းလုံ၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်နှင့် မိုင်းဖြတ် ခရိုင်တို့အတွင်းရှိ မြို့နယ်(၄၇)မြို့နယ်၏ နမူနာစာရင်းကောက်ကွက် (၄၆၁) ကွက်ကို ဇူလိုင် (၂၂) ရက် မှစတင်၍ ဝန်ထမ်းများကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး ယင်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရန် ကျန်ရှိသော တိုင်းဒေသကြီး/ ပြည်နယ် များ၏ စာရင်းကောက်ကွက်မြေပုံများတွင် Digitizing ပြုလုပ်သည့်လုပ်ငန်းစဉ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် စာရင်းကောက်ကွက်မြေပုံများကို ပြန်လည် ပြင်ဆင်ဖြည့်စွက်ခြင်း၊ သတ်မှတ်ပုံစံဖြင့် စာရင်းကောက်ကွက်မြေပုံများ ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများကို နေပြည်တော်ရုံးချုပ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။(-)
kachin (4)

sdr

IMG-0facaaa0ede9e98467b415c1dda38fce-V