မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား ၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၆ ဦးအတွက် အာမခံကြေးနှင့် ကရုဏာကြေးပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၈

Golden Royal Mandalay Services Co., Ltd မှ ထိုင်းနိုင်ငံ၊ Sukhonavason Co.,Ltd သို့သွားရောက်လုပ်ကိုင်ရန် ၉-၄-၂၀၁၈ ရက်နေ့တွင် စေလွှတ်ခဲ့သည့် အလုပ်သမားများ အနက် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၅ ဦးအတွက် အာမခံကြေး၊ New Three Diamond Co., Ltd မှ ထိုင်းနိုင်ငံ၊ TKK Chanthaburi Food Co.,Ltd သို့ ၃၁-၈-၂၀၁၈ ရက်နေ့တွင် စေလွှတ်ခဲ့သည့် အလုပ်သမား ၄၈ ဦးအနက် ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမားတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ် သမားတစ်ဦးအတွက် ကရုဏာကြေးပေးအပ်ပွဲကို နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၈-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ Golden Royal Mandalay Services Co., Ltd နှင့် New Three Diamond Co., Ltd တို့မှ တာဝန်ရှိသူများနှင့် အလုပ်သမားများ၏ မိသားစုဝင်များ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ Golden Royal Mandalay Services Co., Ltd မှ စေလွှတ်ခဲ့သည့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅ ဦးအတွက် ထိုင်းနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကခရီးသွားအာမခံတို့မှပေးအပ်သည့် ဘတ် ၇၅၄,၂၇၁ (ဘတ်ခုနှစ်သိန်းငါးသောင်းလေး ထောင်နှစ်ရာခုနှစ်ဆယ့်တစ်တိတိ) နှင့်ညီမျှသော ငွေကျပ် ၃၅,၁၆၅,၅၀၀ (ကျပ်သုံးရာငါးဆယ့် တစ်သိန်းခြောက်သောင်းငါးထောင်ငါးရာတိတိ) နှင့် Golden Royal Mandalay Services Co., Ltd မှ ပေးအပ်သည့် ကရုဏာကြေးငွေကျပ် ၆,၉၉၀,၀၀၀ (ကျပ်ခြောက်ဆယ့်ကိုးသိန်းကိုး သောင်းတိတိ)၊ စုစုပေါင်း ငွေကျပ် ၄၂,၁၅၅,၅၀၀ (ကျပ်လေးရာနှစ်ဆယ် တစ်သိန်းငါးသောင်း ငါးထောင်ငါးရာတိတိ) ကို သက်ဆိုင်သူများထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ New Three Diamond Co., Ltd မှ စေလွှတ်စဉ် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးတို့ကို ပြည်ပတွင်အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီမှ တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ (ဘတ်တစ်သောင်း) နှင့် ညီမျှသော ငွေကျပ် ၄၈၃,၀၀၀ (ကျပ်လေးသိန်းရှစ်သောင်းသုံးထောင်တိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများမှ ကျန်ရစ်သူမိသားစုဝင်များကို နှစ်သိမ့် အားပေး စကားပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အလုပ်သမား ၇ ဦးအတွက် ကရုဏာကြေး ငွေကျပ် ၇,၇၇၇,၅၀၀ (ခုနှစ်ဆယ့် ခုနှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင့်ငါးရာတိတိ) နှင့် ဘတ် ၄,၀၀၀ (ဘတ်လေးထောင်တိတိ) တို့ကို ပထမအကြိမ် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။