ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဘေကျင်းမြို့၌ ကျင်းပသည့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှု ကြီးကြပ်ရေးစီမံခန့်ခွဲမှု အစည်းအဝေးသို့ တက်ရောက်၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၂၈ ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Zhao Kezhi၏ ဖိတ်ကြားချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ (၂၃) ရက်မှ (၂၇) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၄ ရက်တွင် ဘေကျင်းမြို့၊ ပြည်သူ့ရေးရာလုံခြုံရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် နိုင်ငံတော်လူဝင်မှုကြီးကြပ်ရေးဌာနကြီးမှူး၊ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.XuGanLu နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား သဘောတူညီချက်အရ ဝန်ထမ်းများအား နှစ်စဉ်သင်တန်းပေးခြင်း၊ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက်မှုများထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက်နိုင်ငံသားများအား စိစစ်လွှဲပြောင်းလက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း ကျူးလွန်သူများ၏ ကိုယ်ရေးအချက်အလက်များဖလှယ်နိုင်ရေး၊ သတင်းအချက်အလက်နည်းပညာဖြင့် ပြစ်မှုကျူးလွန် သူများအား နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်နိုင်ရေး၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ခြင်းနှင့် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာညှိနှိုင်းဆွေးနွေးခဲ့သည်။
ညနေ (၅)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ကောင်စီဝင်၊ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Zhao Kezhi နှင့် တွေ့ဆုံဆွေးနွေးရာ Mr. Zhao Kezhi က တရုတ် – မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံ စတင်တည်ထောင်စဉ်က အခြားနိုင်ငံများမှ မထောက်ခံသော်လည်း မြန်မာနိုင်ငံမှ ထောက်ခံခဲ့ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရားမဝင် ဝင်ရောက်မှု၊ ပြန်လည်လွှဲပြောင်း၊ လက်ခံမှုများ ကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသား တရားခံ (၄)ဦး ကို ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက်မှုများ ထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဘက်နိုင်ငံသားများ အား စိစစ်လက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း များ၊ သတင်းအချက်အလက်နည်းပညာဖြင့်ပြစ်မှုကျူးလွန်ခြင်း၊ လူကုန်ကူးမှုနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၅ ရက်တွင် ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့၊ ပြည်သူ့လုံခြုံရေးဌာနဌာနကြီးမှူး Mr. Zhao Haishan အား သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ဇူလိုင်လ ၂၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေး ဌာနကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ရာ Mr. Zhao Haishan နှင့် တာဝန်ရှိသူများက Artificial Intelligence နည်းပညာအသုံးပြု၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာထိန်းချုပ်မှုစနစ်၊ ပြစ်မှုကျူးလွန်သူများအား စောင့်ကြည့်ထိန်းချုပ်ရေးစနစ်၊ ကွန်ယက်တည်ဆောက်ထားရှိမှုများ၊ မြေပြင်မှရရှိသည့် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ ပေးပို့ဖလှယ်သည့်စနစ်များ ဆောင်ရွက်ထားရှိမှုတို့ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ကွမ်တုန်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လုံခြုံရေး ပြည်နယ်ဦးစီးဌာနမှူး Mr. Li Chunsheng နှင့် တွေ့ဆုံရာ ၎င်းမှ ကွမ်တုန်းပြည်နယ်သည် မြန်မာနိုင်ငံနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်ပ၌ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူမှု တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီ ချက်အရ ကွမ်တုန်းပြည်နယ်သည် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်ဆန္ဒရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရန်အတွက်သင်တန်းများ ဖွင့်လှစ်လေ့ကျင့် ပေးနိုင်ရေးကိုလည်း တရုတ်နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ ဇူလိုင်လ (၂၇) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

5