အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၎
လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား လုပ်ငန်းချိန်အတွင်း ဆေးရုံ၊ဆေးခန်းများသို့ လာရောက်ပြသရန်မလိုဘဲ လုပ်ငန်းခွင်အရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့်သုခမင်္ဂလာ အထွေထွေရောဂါကု ဆေးခန်းနှင့် ရောဂါရှာဖွေရေးဓါတ်ခွဲဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit – MMU) အား စတင်ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားအား နေပြည်တော် ရုံးအမှတ်(၅၁)၊ အလုပ်သမား၊အလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၌ ယနေ့နံနက် (ဝ၉း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ ဒုတိယဝန်ကြီး များဖြစ်သော ဦးထင်အောင် နှင့် ဒေါ်ဝင်းမော်ထွန်း၊ ဦးစီးဌာန၊အဖွဲ့၊ကော်မတီရုံးများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သုခမင်္ဂလာ အထွေထွေ ရောဂါ ကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓါတ်ခွဲဌာန မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေး အာမခံ အလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်ပေးရန် အဓိကရည်ရွယ်၍ ဤရွေ့လျားဆေးကုသယာဉ်ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကို လုပ်ငန်းခွင်မပျက်ကွင်းဆင်း၍ ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် ဆေးကုသခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်းမှရွေ့လျားဆေးကုသခြင်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သုခမင်္ဂလာအထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲဌာနမှမန်နေဂျင်း ဒါရိုက်တာ ဦးတင်ထွန်းအောင်က ကျေးဇူးတင်စကားပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများက ရွေ့လျားဆေးကုသယာဉ် အား နံသာရည်ပက်ဖျန်း၍ ဖွင့်လှစ်ပေးပြီး၊ ရွေ့လျားဆေးကုသယာဉ်ပေါ်ရှိ ဆေးကုသရန် ပြင်ဆင်ထားရှိမှုများ၊စမ်းသပ်ကိရိယာများ၊ ဓါတ်ခွဲစမ်းသပ်ခန်းများ တပ်ဆင်ထားရှိမှုအနေအထားများအားတက်ရောက် လေ့လာကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။
ကွင်းဆင်းဆေးကုသသည့် မော်တော်ယာဉ်တွင် X-Ray ဓါတ်မှန်ရိုက်ကူးခန်း၊ Ultrasound ရိုက်ကူးခန်း၊ ECG တိုင်းထွာသည့်အခန်း နှင့် အခြားအထွေထွေရောဂါရှာဖွေသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်များပါရှိပါသည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit – MMU) သည် နေပြည်တော်၊ လယ်‌ဝေးမြို့နယ်ရှိ တောင်စင်အေး သကြားစက်ရုံသို့ သွားရောက်၍ စက်ရုံရှိ အာမခံအလုပ်သမား (၂၉၄)ဦးတို့အား လုပ်ငန်းခွင်မပျက်ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းသတင်း ရရှိပါသည်။