မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၀၉:၃၀နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းရရှိစေရန်နှင့် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးပြီး မသန်စွမ်းသူများ၏ လုပ်ကိုင်နိုင်စွမ်းအလိုက် အလုပ်အကိုင်များ တိုးတက်ရရှိလာရေး၊ ကိုယ်ပိုင်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် အားပေးပံ့ပိုးခြင်း၊ အလုပ်ခန့်ထားရာတွင် ခွဲခြားမှုမရှိရေးနှင့် လုပ်ငန်းခွင်အတွင်း လွယ်ကူစွာဝင်ထွက်သွားလာ လုပ်ကိုင်နိုင်ရေးတို့အတွက် အကြံဉာဏ်များပေးနိုင်ရန်နှင့် ကောင်းမွန်သည့် ရလာဒ်ကောင်းများ ဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူပြီး မသန်စွမ်းသူများ ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားသည့် လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိမသန်စွမ်းသူများ၏ အခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ လိုအပ်သောဝန်ဆောင်မှုများ ခံစားရရှိလာရေးနှင့် လူ့အသိုက်အဝန်းအတွင်း အများနည်းတူပါဝင်နိုင်ရေးအတွက် ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ နိုင်ငံရေးမဏ္ဍိုင် ၃ ရပ်ဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ကိုလည်း သိရှိရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု သေချာစေရန် မူဝါဒချမှတ်ခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် မသန်စွမ်းသူများ အကျုံးဝင်တက်ရောက်နိုင်ရေး၊ အလုပ်ခွင်ဝင်ရောက်ရာတွင် အခက်အခဲမရှိစေရေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်မှုနှင့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီတွင် မသန်စွမ်း သူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျှက်ရှိပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး ၈၃ ရုံးနှင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင်ရုံးများဖွင့်လှစ်ထားပြီး အလုပ်ရှာဖွေသူများနှင့် အလုပ်သမား လိုအပ်သည့်အလုပ်ရှင်များကို အထောက်အကူပြုလျက်ရှိရာ အလုပ်ရှာဖွေသူများကို အလုပ်သမား မှတ်ပုံတင်ခြင်း၊ အလုပ်ရှင်များထံမှ လစ်လပ်အလုပ်နေရာများအတွက် အလုပ်သမား လိုအပ်ကြောင်း အကြောင်းကြားစာ(အမှာစာ)လက်ခံဆောင်ရွက်ပေးခြင်း၊ အမှာစာအရသင့်လျော်သူများကို အလုပ်ရှင်ထံ စုဆောင်းပေးပို့ခြင်းနှင့် အလုပ်ရှင်က ခန့်ထားရန် ရွေးချယ်သူများကို အတည်ပြုခန့်ထားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအလုပ်ရုံဆွေးနွေးပွဲမှ မသန်စွမ်းမှုဆိုင်ရာ သဘောတရား၊ မသန်စွမ်းမှု ဆိုင်ရာအမြင်များ၊ အခွင့်အရေးများနှင့် အကျုံးဝင်ပါဝင်မှုအား နားလည်သဘောပေါက်ခြင်း၊ မြန်မာ နိုင်ငံရှိ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အချက် အလက်များ၊ အလုပ်အကိုင်ကဏ္ဍမှ မသန်စွမ်း သူများ၏အခြေအနေ၊ ဥပဒေရေးရာနှင့်နိုင်ငံတကာကတိကဝတ်များ၊ မသန်စွမ်းသူများနှင့်သက်ဆိုင်သည့် ပြည်တွင်းဥပဒေများ၊ လုပ်ငန်းခွင်တွင် မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သော နေရာထိုင်ခင်း ဖန်တီးပေးရေးနှင့် လက်လှမ်းမီရရှိနိုင်ရေး စသည်တို့ကို ပိုမိုသိရှိနားလည်ပြီး လိုအပ်သည့် အကြံဉာဏ်များပေးကာ ကောင်းမွန်သည့်ရလာဒ်ကောင်းများ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ဦးနေလင်းစိုး မှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်အလုပ်ရုံဆွေးနွေးပွဲ ၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအတွက် သင့်တင့် လျောက်ပတ်သည့် လုပ်ငန်းခွင် အခြေအနေများနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပေါ်လာနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်းသတင်းရရှိပါသည်။