အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Workers Resource Centre – MRC) များဖွင့်လှစ်ရန် အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ၂၈-၂-၂၀၁၄ ရက်နေ့တွင် နေပြည်တော်၊ဟိုတယ် ရွှေပြည်တော်၌ ကျင်းပပြုလုပ်ရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးထင်အောင်မှတက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။
နှီးနှောဖလှယ်ပွဲတွင် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံအသီးသီး၌ ရွှေ့ပြောင်းလုပ်သားများ တိုးပွားလျက်ရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ သည် စေလွှတ်သောနိုင်ငံနှင့် လက်ခံသောနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုတွင် အဓိက ပါဝင်ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ ILO က အကောင် အထည် ဖော်ဆောင်ရွက်နေသော GMS Triangle Project အရ Migrant Resource Center များကို မန္တလေး၊ ကျိုင်းတုံ၊ ထားဝယ်မြို့များတွင် ဖွင့်လှစ်ရန် ရည်ရွယ် ထားပါကြောင်း၊ မြန်မာနိုင်ငံတွင် Migrant Resource Center များတည် ထောင်ရာတွင် လက်တွေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ထိရောက်စေရန်နှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်စေရန် အတွက် ဆောင်ရွက် ရမည့် လက်စွဲစာအုပ် (Operations Manual) မူကြမ်းထုတ်ဝေနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားပါသည်။
ဆွေးနွေးပွဲသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီဝင်များ၊ INGO ၊ NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ILO ဆက်သွယ်ရေး အရာရှိရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန တိုင်းဒေသကြီး နှင့်ပြည်နယ်များ၊ ခရိုင်/မြို့နယ်အဆင့်အလုပ်သမားရှာဖွေရေးရုံးများမှ အရာထမ်းများ၊မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီးတက်ရောက်လာသူများမှဆွေးနွေးပွဲ ကို ညနေပိုင်းအထိ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။