နေပြည်တော်တွင် လူမှုဖူလုံရေး-မေမေအထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ မတ်လ ၂၆ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် မေမေဆေးရုံနှင့်ပူးပေါင်း၍ လူမှုဖူလုံရေး-မေမေအထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ် ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်၊ သင်္ဂဟ ဟိုတယ်၌ ကျင်းပပါသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ကောင်စီဝင် များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မေမေဆေးရုံမှ တာဝန်ရှိသူများ၊ အလုပ်ရှင်များနှင့် အာမခံအလုပ်သမားများ စုစုပေါင်း (၃၅၀) ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အမှာစကားပြောကြား ရာ၌ မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှမှုနှင့် သဟဇာတဖြစ်မှုများ ထွန်းကားသော မြန်မာ့လူ့ဘောင်တစ်ရပ်တည်ဆောက်ရန် မျှော်မှန်းပြီး နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ရေးဆွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အညီ အလုပ်သမား၊ အလုပ်ရှင်တို့၏ထည့်ဝင်ကြေးငွေတို့ဖြင့် နိုင်ငံတော်၏အဓိကကုန်ထုတ် စွမ်းအားစု ဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု များကို ပိုမိုခံစားရရှိစေရန် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျုံးဝင်အာမခံ အလုပ်သမား (၁.၂၉) သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ရရှိစေရန်အတွက် မြို့နယ် ပေါင်း (၁၁၆) မြို့နယ်တွင် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ ခရိုင်ရုံး (၄) ရုံး၊ မြို့နယ်ရုံးခွဲ ပေါင်း (၇၈) ရုံး၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၆) ခန်း၊ တိုင်းရင်း ဆေးကုခန်း (၁) ခန်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၄) ခန်း၊ မြိတ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မဟာအောင်မြေနှင့် ပြည်ကြီးတံခွန်တို့မှာ ဖွင့်လှစ်ထားသည့် Provider Purchaser Split (PPS) ဖြင့် စမ်းသပ်ဆေးခန်း(၅) ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့နှင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများအရ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အလုပ်သမားများ တိုးတက် များပြားလာသည့်အတွက် လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံထားသည့် အလုပ်သမားတွေကို ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ထိရောက်မြန်ဆန်စွာပေး နိုင်ရန်ရည်ရွယ်၍ ပြုပြင် ပြောင်းလဲမှု(၄)ရပ်ကို ILO ၏ နည်းပညာအကူအညီနှင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မြှင့်တင် ဆောင်ရွက်ရန် နိုင်ငံအတွင်းရှိ ဆေးရုံ၊ ဆေးခန်းများနဲ့ပူးပေါင်း၍ နိုင်ငံတကာ၌ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူ ခွဲခြားလုပ်ကိုင်သည့် Provider- Purchaser Split (PPS) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စမ်းသပ်ဆေးခန်းများကို ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊

နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် အာမခံအလုပ်သမားများ အဆင်ပြေစွာ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်စေရန် လူမှုဖူလုံရေး-မေမေအထွေထွေရောဂါကု ဆေးခန်းကို စမ်းသပ်စီမံကိန်း (Pilot Project) အနေဖြင့် ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တက်ရောက်လာသူတွေအနေနှင့်လည်း ယခုဆေးခန်းဖွင့်လှစ်မှုအခြေအနေနှင့် ပတ်သက်ပြီး ဆက်စပ်အလုပ်ဌာနနှင့် အလုပ်သမားများကိုလည်း လက်ဆင့်ကမ်းမျှဝေပေးစေလိုပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှုကို အလွယ် တကူ လက်လှမ်းမီ ရရှိနိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဦးစားပေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ရာမှာ ပထမအဆင့်အနေဖြင့် ပြင်ပလူနာများအတွက် ဝန်ဆောင် မှုအား အခြားဆေးရုံ/ ဆေးခန်းများမှ ဝယ်ယူခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဆေးရုံတက်လူနာ ကုသမှုဝန်ဆောင်မှုအား အခြားဆေးရုံများမှ ဝယ်ယူခြင်း၊ တတိယအဆင့်အနေဖြင့် လူမှုဖူ လုံရေးအဖွဲ့ပိုင် ဆေးရုံဆေးခန်းများကို ပုဂ္ဂလိကနှင့် စာချုပ်ချုပ်ဆိုပြီး အဆင့်မြှင့်တင်ခြင်း၊ အဖွဲ့ပိုင်ဆေးရုံဆေးခန်းများကို မိမိအစီအစဉ်ဖြင့် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊

စာချုပ်ဆေးရုံ၊ ဆေးခန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆန်းစစ် သုံးသပ်ပြီး ပိုမိုထိရောက် ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုကို အာမခံအလုပ်သမားများ ရရှိနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်နှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်ရှိ အာမခံ အလုပ်သမားတွေ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကောင်းမွန်စေရန်အတွက် PPS စမ်းသပ် ဆေးခန်းတွေကို မကြာမီမှာ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း၊

နိုင်ငံတော်အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကာကွယ် စောင့်ရှောက်မှုများကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်တို့ အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆောင်ရွက်ရတာဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ် သမားများဘက်ကလည်း နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်မှ အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီအတွင်းတွင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင် အာမခံထားသည့် အလုပ်ဌာန (၈၂၄) ဌာနနှင့် အလုပ်သမား (၂၈,၀၅၀) ဦးတို့သည် လူမှုဖူလုံရေး ဆေးခန်း (၃) ခန်း မှာ ဆေးကုသလျက် ရှိပါကြောင်း၊ ယခုဆိုလျှင် လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမား များကို ဆေးကုသရာတွင် ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပြင်ပလူနာ ဝန်ဆောင်မှုကို မေမေဆေးရုံနဲ့ စာချုပ်ချုပ်ဆိုခြင်း ဖြစ်သည့်အတွက် မိမိတို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ နေထိုင်ကြသည့် အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အတွက် မြို့နယ်လူမှုဖူလုံရေးရုံးများမှာ အကျုံးဝင်အာမခံထားသည့် အလုပ်ဌာန (၁၅၆)ဌာနမှ အာမခံအလုပ်သမား (၃,၈၉၄) ဦးအား လူမှုဖူလုံရေး-မေမေအထွေထွေ ရောဂါကုဆေးခန်းတွင် သတ်မှတ်စည်းကမ်းချက်တွေနှင့်အညီ ဆေးကုသမှုခံယူနိုင်မည် ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီနယ်မြေတွင်ရှိသည့် အလုပ်သမားများ၏ ကျန်းမာရေး လိုအပ်ချက် ပိုမိုထိရောက် ပြည့်စုံလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ အတွင်းမှာရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျုံးဝင်သတ်မှတ်ထားသည့် လုပ်ငန်းအားလုံးတွင်ရှိသည့် အလုပ်သမားများအားလုံး လူမှုဖူလုံ ရေးအဖွဲ့မှ ပေးအပ်သည့် ဆေးကုသမှုဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များရရှိရန်အတွက် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်း တိုးတက်ပြုပြင်ပြောင်းလဲမှုသည် အလုပ်သမားများ၏ အကျိုးအတွက် သာမက အလုပ်ရှင်များ၏ အကျိုးကိုလည်း ဖြစ်ပေါ်စေမှာဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း တစ်တပ်တစ်အား ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့်အတွက် ဒီပြုပြင်ပြောင်းလဲမှုကို အောင်မြင်စွာ အကောင်အထည်ဖော်သည့် နေရာမှာ မိမိတို့အနေဖြင့်လည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် အလုပ်ရှင်၊ အလုပ်သမားများ၊ ဆေးရုံမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံးက တက်ညီလက်ညီ ပူးပေါင်း ပါဝင်သွားကြရန်တိုက်တွန်း ပြောကြားခဲ့ပါသည်။

၎င်းနောက် မေမေဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာကျော်ခိုင်က ဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးသန်းထွဋ် နှင့် အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဝင်းသီတာတို့က အသီးသီး ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တို့က ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကာ ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး လူမှုဖူလုံရေး-မေမေအထွေထွေရောဂါကုဆေးခန်း၏ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို မေမေဆေးရုံ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မေမေဆေးရုံတာဝန်ခံနှင့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကို Provider Purchaser Split စနစ်အရ မြှင့်တင်ဆောင်ရွက် ခြင်းနှင့် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် Capitation ငွေပေးချေမှုစနစ်ဖြင့် ဆေးခန်းများကို ဖွင့်လှစ်၍လည်းကောင်း၊ ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ဝန်ဆောင်မှုတစ်ကြိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားဖြင့် ငွေပြန်လည်ပေးချေခြင်း(Per visit)ဖြင့်လည်းကောင်း၊ ဆေးဝါးသုံးစွဲမှုအတွက်(Fee for Service)ဖြင့် ငွေပြန်လည်ပေးချေခြင်း နည်းလမ်းများဖြင့် စမ်းသပ်ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။