ပြည်ထောင်စုဝန်ကြီးမလေးရှားနိုင်ငံတွင် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံအားပေး

နေပြည်တော်၊  ဒီဇင်ဘာလ ၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်၂၈-၁၁-၂၀၁၈ ရက်နေ့မှ ၂၉-၁၁-၂၀၁၈ ရက်နေ့ထိ ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးကျင်းပ သည့် Le Meridien ဟိုတယ်တွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အလုပ်သမားသံအရာရှိများ၏ စီစဉ်ပေးမှုအရ ၂၉-၁၁-၂၀၁၈ နေ့ ညနေပိုင်းတွင် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်(၆)ဦးနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ မလေးရှားနိုင်ငံတွင်တရားမဝင်ရောက်ရှိ လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားတိုင်းရင်းသားအလုပ်သမားများနှင့် မိသားစုဝင်များကို မလေးရှားနိုင်ငံ၏ဥပဒေအရအရေးယူခြင်းမခံရရေး၊မိမိနိုင်ငံသို့ ပြန်လာလိုသူ မြန်မာနိုင်ငံသား များအနေဖြင့် သံအမတ်ကြီး၊ အလုပ်သမားသံအရာရှိများ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် မိမိနိုင်ငံသားများမိခင်နိုင်ငံသို့ ပြန်လာနိုင်ရေး အစဉ် လက်ကမ်း ကြိုလျက်ရှိကြောင်း၊ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှတဆင့် တရားဝင်သွားရောက် လုပ်ကိုင်ရန်လိုကြောင်း၊ အလုပ်သမားဝန်ကြီးဌာနရှိအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး များ၊ ရွှေ့ပြောင်းလုပ်သားများကူညီထောက်ပံ့ရေးဗဟိုဌာနများတွင် ပွဲစားများ၏ လှည့်စားမှု မခံရရေးအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်စနစ်နှင့်အညီပြောင်းလဲတိုးတက်မှု များကိုသိရှိပြီးရွှေ့ပြောင်းသွားလာမှုများကို ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်ဟုသတင်းရရှိသည်။