အလုပ်သမားစျေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဒုတိယအပိုင်းအား မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခြင်း

နေပြည်တော် စက်တင်ဘာလ ၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံ တို့အကြား မြန်မာနိုင်ငံ၏ အလုပ်သမားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဒုတိယအပိုင်းအား မိတ်ဆက်ခြင်းအခမ်းအနားကို ၅-၉-၂၀၁၉ ရက်နေ့၊ ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၊ ကေတုမတီခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင်၊ ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီး၊ H.E. Mr. Peter Hummelgaard၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး H.E.Mr.John Nielsen နှင့်အဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒိန်းမတ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံရုံးမှ သံအမတ်ကြီးတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဒိန်းမတ်နိုင်ငံအလုပ်သမား ရေးရာဝန်ကြီးတို့မှ နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း ဒုတိယအပိုင်းဆိုင်ရာအချက်အလက်များလွှဲပြောင်းခြင်း၊လက်ခံခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
ဒိန်းမတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးရေးအတွက် ၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ၂၀၁၆ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ စီမံကိန်း ပထမပိုင်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအလုပ်သမားဈေးကွက်၏အဓိက တာဝန်ရှိသူများဖြစ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည်ကို တွေ့ရှိရ၍ အပြုသဘောဆောင်သည့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖြစ်ထွန်းမှုအပေါ် ဆက်လက်ပံ့ပိုးသွားရန်စီမံကိန်းဒုတိယပိုင်းကို ဆက်လက်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၊ ကောင်စစ်ဝန် Ms.Nanna Sars Schewitsch က အလုပ်သမားစျေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ရသည့် ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နှစ်နိုင်ငံ ပြည်ထောင်စုဝန်ကြီးများ၊ သံအမတ်ကြီးနှင့် ဧည့်သည်တော်များမှ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
အလုပ်သမားစျေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ပိုမို၍ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်များဖြစ်ပေါ်လာရန် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စစ်ဆေးရေးအရာရှိများအား စွမ်းဆောင်ရည်မြှင့် တင်ပေးရန်နှင့် လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် လူမှုရေးရာဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ပြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနရှိ အရာရှိများအား အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် သင်တန်းပေးခြင်း၊ ဒိန်းမတ်နိုင်ငံသို့ သင်တန်းများ နှင့်လေ့လာရေးခရီးများ စေလွှတ်ခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။