ဂျော်ဒန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အလုပ်သမားရေးရာကိစ္စရပ်များ နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း

ဂျော်ဒန်နိုင်ငံ ၊ Ramtha မြို့၊ Century Miracle Apparel Mfg.Co.,Ltd အထည်ချုပ်စက်ရုံ တွင် ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားများကိစ္စနှင့်ပတ်သက်၍အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာန မှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီရဲထွန်းတို့သည် ဂျော်ဒန်နိုင်ငံသို့ သွားရောက်၍ ယင်းကိစ္စအား ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို (၅.၄.၂၀၁၃) ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၅၁) ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန ရုံးအဆောက်အဦ စုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဂျော်ဒန်နိုင်ငံရှိ အဆိုပါစက်ရုံသို့ အလုပ်သမားစေလွှတ်ခဲ့သည့် ကုမ္ပဏီများ၊ (၈၈) မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှအလုပ် သမား ရေးရာကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ၊ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ကြကြောင်းသိရှိရပါသည်။
သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့သော အလုပ်ရှင်နှင့်မြန်မာအလုပ်သမားများအကြားအငြင်းပွားမှုဖြစ်စဉ်၌ အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးမှုများ၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက ကူညီဆောင်ရွက် ပေးမှုများအားလည်းကောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် အရာထမ်း(၂)ဦးတို့က ဂျော်ဒန်နိုင်ငံသို့သွားရောက်၍ ၄င်းတို့ကိုယ်တိုင်သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး အလုပ်သမားနှင့်အလုပ်ရှင်ကြားဆွေးနွေး၍ သဘောတူညီချက်ရရှိခဲ့မှုများနှင့်ပတ်သက်၍ လည်းကောင်း၊ ယင်းစက်ရုံသို့ အဆိုပါ အလုပ်သမားများအား စေလွှတ်ခဲ့သည့်ပုဂ္ဂိုလ်က ၄င်းကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများအားလည်းကောင်း ၊ ယခုဖြစ်စဉ်ကဲ့သို့ တရားမဝင်အေဂျင်စီများမှ တရားမဝင်စေလွှတ်မှုမျိုး နောင်တွင်မဖြစ်ပေါ်စေရေး၊ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့်ပုဂ္ဂိုလ်များ၏မေးမြန်းချက်များ ကို ဖြေကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

Leave a Reply