အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group- HLWG) ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group)-HLWG)ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးဆောင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သော ဝန်ကြီးဌာန(၁၆)ခုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် (၃၃၇) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံကအဓမ္မခိုင်းစေမှု ပပျောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့မှုများကို အသိပေးရန်နှင့် ဆက်လက်အကောင် အထည်ဖော်ရမည့် လုပ်ငန်းစဉ်များ၊ National Complaints Mechanism- NCM ထူထောင်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးရန်နှင့် NCM ထူထောင်ဆဲ ကြားကာလယန္တရားအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ILO၏ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ၁၄ ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တစ်ဆက်တည်း ကျင်းပခဲ့ကြောင်း၊ အဆိုပါအခမ်းအနားများသို့ ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vine လည်း တက်ရောက် ဆွေးနွေးကာ ဆွေးနွေးပွဲမှ အပြုသဘောရလဒ်များကြောင့် (၃၃၇)ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍အပြုသဘော တင်ပြ ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များရရှိခဲ့ကြောင်း။ (၃၃၇) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် ILO ဒုတိယညွှန်ကြားရေးမှူးချုပ်က အလုပ်သမား ဥပဒေ ပြုပြင်ပြောင်းလဲရေးကဏ္ဍ၌ သိသာသောတိုးတက်မှုများရှိကြောင်း၊ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားထူထောင်ရေး Action Plan တွင် ILO ၏အခန်းကဏ္ဍ ဆက်လက်တည်ရှိနေရေး ဆောင်ရွက်မည်ကို သဘောတူညီခဲ့ကြောင်း၊ အလုပ်သမား ရေးရာ ကိစ္စရပ်များကို အရည်အသွေးရှိရှိဖြင့် သုံးပွင့်ဆိုင်ဆွေးနွေးသည့် အတွက် မြန်မာနိုင်ငံ၏ tripartite culture သည် အားရကျေနပ်ဖွယ် ရှိကြောင်း၊ ILOအနေဖြင့် နည်းပညာအကူအညီများ ဆက်လက်ပံ့ပိုး၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကလည်း အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် စပ်လျဉ်း၍ တိုင်ကြားမှုယန္တရား (NCM) ထူထောင်ရေးအခြေအနေများ၊ NCM ကြားကာလ တိုင်ကြားမှုများ ကို HLWG မှ ဖြေရှင်းဆောင်ရွက်ပေးနေမှု Decent Work Country Programme အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေ၊ အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ILO ၏ အကူအညီနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အစိုးရ၊အလုပ်ရှင်နှင့်အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးမှု၊ ကလေး အလုပ်သမားပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အသက်မပြည့် စုဆောင်းမှုများနှင့် ပတ်သက်၍ CTFMR မှဆောင်ရွက်မှု၊ အရွယ်မရောက် သေးသူများအား တပ်မတော်သားအဖြစ်စုဆောင်းမှုနှင့်ပတ်သက်၍ ကျူးလွန်သူ များအား အရေးယူ ဆောင်ရွက်မှု၊ မြန်မာနိုင်ငံအနေဖြင့် FFM အစီရင်ခံစာကိုအသိအမှတ်မပြုကြောင်း အတိအလင်းကြေညာထားမှု စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံအလုပ်သမားရေးရာကဏ္ဍသည် တိုးတက်မှုများစွာရှိနေ၍ ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး Agenda များတွင် ဆက်လက်ထည့်သွင်း ဆွေးနွေးခြင်း မပြုရေး စဉ်းစားပေးရန် ဆွေးနွေးခဲ့‌ကြောင်း။ နိုင်ငံတကာအလုပ်သမား ကိုယ်စားလှယ်က ILO ၏အစီရင်ခံစာအရ တိုးတက်မှုအနည်းငယ်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိနေသေးကြောင်း၊ SU သက်တမ်းကုန်ဆုံးပြီး အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ရာတွင် ILO ၏အခန်းကဏ္ဍ ပါဝင်ရန်၊ အလုပ်သမားသမဂ္ဂများကိုတရားစွဲဆိုမှုအားအစိုးရအနေဖြင့် အမြန်ဆုံး ရုပ်သိမ်းပေးရန်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေပြင်ဆင်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ သုံးပွင့်ဆိုင်ဆွေးနွေးမှုဖြင့် ဆုံးဖြတ် ပြုလုပ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သိရှိရကြောင်း။ ယခု ၃၃၇ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး အမေရိကန်နှင့် အလုပ်သမားကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအပေါ် ဖိအားပေးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် အဆိုပြုချက်များ တင်သွင်းခဲ့သော်လည်း HLWG အဖွဲ့ဝင် ဝန်ကြီးဌာနများက ပံ့ပိုးပေးခဲ့သော အချက်အလက်များအရ ၎င်းတို့အဆိုပြုချက်များသည် မြေပြင်အခြေအနေနှင့်ကင်းကွာနေသည့်အတွက် အပြုသဘော အဆိုပြုချက်များ ပြောင်းလဲထည့်သွင်းရန် မြန်မာဘက်မှ ခိုင်မာစွာပြောကြားနိုင်ခဲ့ပြီး နိုင်ငံတကာအလုပ်ရှင်ကိုယ်စားလှယ်ကလည်း ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်၏ တင်ပြချက်အရ တိုးတက်မှုများတွေ့ရှိရကြောင်း ပြောကြားခဲ့၍ မြန်မာနိုင်ငံအပေါ်အပြီးသတ်ဆုံးဖြတ်ချက်တွင် အပြုသဘောမဆန်သည့်အချက်များ ဖယ်ရှားနိုင်ခဲ့ကြောင်း။ ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က “၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပမည့် (၃၃၈) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး၌ မြန်မာနိုင်ငံအနေနှင့် ခိုင်မာသည့် တိုးတက်မှုများ ပြသနိုင်ရန် အချိန်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အစည်းအဝေးမှ (၃၃၇)ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်းဆုံးတုန့်ပြန်နိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCM နှင့်ပတ်သက်၍ ထိရောက်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NTDF တွင် အလုပ်သမားရေးရာဥပဒေပြင်ဆင်ရေးကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်ပါက လာမည့် မတ်လအုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် များစွာအထောက်အကူပြုမည်”ဟု သုံးသပ်ထားကြောင်း။ ထို့ပြင် NCM ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သည့် အပိုင်းတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ကို အသိပေးလိုကြောင်း။ အမျိုးသားကော်မတီဖွဲ့စည်းမှုကို အတည်ပြုပြီးသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဉီးစီးဌာနများအလိုက် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်း၊ အချိန်ကာလသတ်မှတ်ချက်များကို Standard Operation Procedure- SOP ရေးဆွဲရန်လိုကြောင်း။ ထို့ပြင်အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာအသိပညာပေးမှုကို Social Media လမ်းကြောင်းအပါအဝင် ဘက်ပေါင်းစုံကဆောင်ရွက်သွားရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများပေးရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ နိုဝင်ဘာလ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၏ ရလဒ်ကောင်းများကို ထိန်းသိမ်းပြီး လက်ရှိ ဆောင်ရွက်နေသည့် ကြားကာလ တိုင်ကြားမှုယန္တရား ဖြစ်သော HLWG မှ လက်ခံရရှိသော အမှုများကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နေကြောင်း အများပြည်သူသိရှိအောင်ဖော်ပြနိုင်ရန် လိုအပ်သကဲ့သို့ ဆက်လက်ဆောင်ရွက်မည့် NCM ကို ဖိဖိစီးစီး ဆောင်ရွက်ရန်လိုကြောင်း ထပ်မံတိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။

(၃၃၇)ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက National Complaints Mechanism- NCM ထူထောင်ရေးလုပ်ငန်းစဉ်၊ NCM ထူထောင်ဆဲကြားကာလယန္တရားအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီးဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။