အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြား မှုယန္တရား (National Complaints Mechanism) မထူထောင်မီ တိုင်ကြားစာလက်ခံဖြေရှင်းရေး လုပ်ငန်းစဉ်များကိုအတည်ပြုနိုင်ရန်အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group- HLWG) ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ လ ၂၁

အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism) မထူထောင်မီ တိုင်ကြားစာလက်ခံ ဖြေရှင်းရေး လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရန် အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group – HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ အနေဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာပြဌာန်းချက်အမှတ် ၂၉ ကိုလက်ခံထားပြီး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုအရအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၁၉ ခုနှစ် မတ်လတွင်ကျင်းပ ခဲ့သည့် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် ILO ညွှန်ကြားရေးမှူးချုပ်မှ တင်ပြသည့် မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ၌ အဓမ္မခိုင်းစေမှု များရှိနေသေးသည်ဟုဖော်ပြထားပါကြောင်း။

ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် အမျိုးသား အဆင့်တိုင်ကြားမှုယန္တရား အမြန်ဆုံးထူထောင်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်မှတ်ချက် တွင် အဓမ္မခိုင်းစေမှုပပျောက်ရေးကို ထိရောက်သည့် ဖြေရှင်းမှုလုပ်ငန်းစဉ်ပြောင်းလဲ တည်ထောင် နိုင်ရန် အချိန်တိကျစွာသတ်မှတ်ထားသည့် လုပ်ငန်းစီမံချက်ရေးဆွဲပြီး ILOနှင့်အနီးကပ်ပူးပေါင်း ဆောင်ရွက်ရန် အစိုးရကိုတိုက်တွန်းခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သတ်ပြီး အစိုးရအနေဖြင့် နိုင်ငံတဝန်းလုံး လွှမ်းခြုံနိုင်သည့် လုပ်ငန်းစီမံချက် လက်တွေ့အကောင်အထည်ဖော်ရေးနှင့် အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှုယန္တရား (National Complaints Mechanism – NCM ) ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊၂၀၁၉ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ကျင်းပခဲ့သည့် High Level Working Group- HLWG အစည်းအဝေးတွင် ILO မှ အဆိုပြုလာသည့် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (Action Plan)နှင့်အတူ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှု ယန္တရား (National Complaint Mechanism) ထူထောင်ရေး၊ အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားမထူထောင်မီ ကြားကာလအတွင်း တိုင်ကြားစာများ လက်ခံဖြေရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များပေးပို့ခဲ့ပါကြောင်း၊ ဌာနများ၏ အကြံပြုချက် သဘောထားမှတ်ချက် များနှင့်အညီ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရားကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီတွင် ပြုပြင် ရေးဆွဲထားပါကြောင်း၊ ရေးဆွဲထားသည့် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှု ယန္တရားနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကော်မတီဝင်များမှ ရင်းနှီးပွင်လင်းစွာအကြံပြု ဆွေးနွေးကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ဝန်ကြီးဌာနများမှ ပေးပို့လာသည့် သဘော ထားမှတ်ချက်များနှင့် လုပ်ငန်းစီမံချက်၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှု ပပျောက်ရေးတိုင်ကြားမှု ယန္တရားနှင့်အဆိုပါယန္တရားမထူထောင်မီ တိုင်ကြားစာလက်ခံဖြေရှင်းရေးလုပ်ငန်းစဉ်တို့အားရှင်းလင်း တင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြုဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်းသတင်းရရှိပါသည်။