အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက်တွင်ပါရှိသည့် Good Practice Guidelines for Preventing Force labour ကိုအပြီးသတ်ဆွေးနွေးရန် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းကော်မတီ (High Level Working Group- HLWG) ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ အောက်တိုဘာ ၂၉ ရက်

ILO နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်း စီမံချက်တွင်ပါရှိသည့် အဓမ္မခိုင်းစေမှုတားဆီးရေးကျင့်သုံးမှုကောင်း ဆိုင်ရာလမ်းညွှန်ချက် (Good Practice Guidelines for Preventing Force labour) ကိုအပြီး သတ်ဆွေးနွေးရန် အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group – HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ၀၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ILO ရန်ကုန်ရုံး မှ အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသည် ၂၂-၁-၂၀၁၈ ရက်နေ့တွင် ILO နှင့် လက်မှတ်ရေးထိုး ခဲ့သည့်အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက်(Action Plan)အရဆရာများအတွက်သင်တန်း (Training of Trainers -ToT) အပါအဝင်သင်တန်းများဖွင့်လှစ်ပို့ချ နိုင်ရန်သင်ရိုးညွှန်းတမ်းနှင့် သင်တန်းအချိန်ဇယားများကို အတည်ပြုရန်၊ အဓမ္မခိုင်းစေမှုတားဆီးရေးကျင့်သုံးမှုကောင်းဆိုင်ရာ လမ်းညွှန်ချက် (Good Practice Guidelines for Preventing Forced Labour) ကိုအပြီးသတ် အတည်ပြုရန်နှင့် အမျိုးသားအဆင်အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှုယန္တရား (National Complaints Mechanism) တစ်ရပ်ထူထောင်ရန်ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း။

၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် High Level Working Group အစည်းအဝေး၌ အိုင်အယ်လ်အိုမှတင်ပြထားသည့် ဆောင်ရန်၊ရှောင်ရန်အချက်များ (Do’s and Don’ts)နှင့် သင်တန်းအစီအစဉ်များအပေါ်တွင် ကော်မတီအဖွဲ့ဝင်ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များကို ILO မှ ပြင်ဆင်ဖြည့်စွက်ပြီးပြန်လည်ပေးပို့လာသည့် “Good Practice Guidelines for Preventing Forced Labour”နှင့် သင်တန်းအစီအစဉ်ကို ယနေ့အပြီးသတ် ညှိနှိုင်းဆွေးနွေးအတည်ပြုသွားမှာဖြစ်ပါကြောင်း။
သင်တန်းအစီအစဉ်အရ နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့(Technical Working Group -TWG) အဖွဲ့ဝင်များကိုအသိအမြင်မြှင့်တင်ပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိများ နှင့်တပ်မတော်အရာရှိများကို ToT သင်တန်းပေးခြင်းဖြင့်အဓမ္မခိုင်းစေမှုပပျောက်ရေးကိုအဆင့်ဆင့် လက်ဆင့်ကမ်း အသိပညာပေးနိုင်မည်ဖြစ်ပြီး Action Plan ၏ ဦးစားပေး (၃) အရတိုင်းဒေသကြီး/ ပြည်နယ် များတွင်ပြန်လည်ပြီးအသိပညာပေးဟောပြောပွဲများ၊ သင်တန်းများကို မိမိတို့အစီအစဉ် ဖြင့် ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း။

ToT သင်တန်းမှာပါဝင်တက်ရောက်ကြမည့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ အရာရှိများ နှင့်တပ်မတော်မှအရာရှိများကိုစိစစ်ရွေးချယ်၍သင်တန်းပို့ချရေးကို ILOနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုပါကြောင်း။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည့်နားလည်မှုစာချွန်လွှာအရ တည်ထောင် ခဲ့သည့် တိုင်ကြားမှုယန္တရား (Complaint Mechanism)ကိုအစားထိုးရန် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှုယန္တရား (National Complaint Mechanism ) တစ်ရပ် ထူထောင်ရေးကို ယခင်အစည်းအဝေးတွင်ဆွေးနွေးခဲ့ပြီး ၂၀-၉-၂၀၁၈ ရက်နေ့၌ ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံစဉ် အဆိုပါယန္တရားတစ်ရပ်ထူထောင်နိုင်ရေးအတွက် အခြားနိုင်ငံများ ၏အတွေ့အကြုံများကိုဆွေးနွေးနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တွင်ကျင်းပရန်လျာထားမှုနှင့် ပတ်သက်၍လည်း ကော်မတီအဖွဲ့ဝင်များအနေဖြင့် အကြံပြုလိုသည်များ ရှိပါက အကြံပြုပေးစေလိုပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုပူးပေါင်း ပါဝင်ဖြေရှင်းသွားရန် အသင့်ဖြစ်နေကြောင်းကို နိုင်ငံတော်အကြီးအကဲများကလည်း အတိအလင်း ပြောကြားပြီးဖြစ်ပါ၍ ဆက်လက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကိုယခုကဲ့သို့ တစ်စုတစ်စည်းတည်း အဖြေရှာပြီးအခွင့်အလမ်းကောင်းများအဖြစ် အသုံးချသွားကြရန်တိုက်တွန်း လိုပါကြောင်းပြောကြား ခဲ့သည်။

ထို့နောက်တက်ရောက်လာသော ကိုယ်စားလှယ်များမှ ILO မှပြင်ဆင်ဖြည့်စွက်ပြီးပြန်လည် ပေးပို့လာသည့် အဓမ္မခိုင်းစေမှုတားဆီးရေးကျင့်သုံးမှုကောင်း ဆိုင်ရာလမ်းညွှန်ချက် နှင့်သင်တန်း အစီအစဉ်များနှင့်ပတ်သက်၍လိုအပ်ချက်များ ကိုဝိုင်းဝန်းအကြံပြုဆွေးနွေးဖြည့်စွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။