ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ကို KB Kookmin Bank နှင့် KB Labour Union တို့က အဆင့်မြှင့်ပြုပြင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၅
ကိုရီးယားသမ္မတနိုင်ငံ၊ KB Kookmin Bank နှင့် KB Labour Union အလှူရှင်များ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံပေးခဲ့သော ရန်ကုန်မြို့၊ ဒဂုံမြောက်မြို့နယ်ရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသင်တန်းခန်းမအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၅-၁၀-၂၀၁၈ ရက်နေ့တွင်အဆိုပါခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး၊ KB Labour Union ဥက္ကဌနှင့် အလှူရှင်များ၊ KB Kookmin Bankမှ တာဝန်ရှိသူများနှင့် EPS Director၊ GIZ၊ Swisscontact မှ ဖိတ်ကြားထားသူ များ၊မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူများစုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် နှစ်ပေါင်း များစွာကတည်းက အပြန်အလှန်ကူးလူးဆက်ဆံပြီး ချစ်ကြည်ရင်းနှီးမှုရှိသောမိတ်ဆွေနိုင်ငံများ ဖြစ်ကြောင်း၊ KB Kookmin Bank နှင့် KB Labour Unionမှ အလှူရှင်များက မြန်မာ လုပ်သားထုအတွက် အထောက်အကူဖြစ်စေမည့်ပံ့ပိုးမှုများအတွက် ဂုဏ်ပြုမှတ်တမ်းတင် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်် မြန်မာ လုပ်သားများကို ကိုရီးယားလုပ်ငန်းခွင်အတွင်းရှိ နည်းပညာများ၊ အယူအဆများသင်ကြား ရယူပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်နှင့်အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပြန်လည်အကျိုးပြုနိုင်ရန် မျှော်လင့်၍စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ယခုပြုပြင်မွမ်းမံပေးခဲ့သည့်ခန်းမဆောင်တွင် ကိုရီးယား လုပ်ငန်းခွင် အကြိုသင်တန်းများကို ၂၀၁၁ ခုနှစ်မှစ၍ ယနေ့အထိ ၃၄၀၀၀ ကျော် လေ့ကျင့် ပေးခဲ့ပြီး၊ ကိုရီးယားနိုင်ငံရှိလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး၊ KB Labour Union ဥက္ကဌ၊ EPS Director တို့မှ အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ အဆောက် အဦကိုလွှဲပြောင်းလက်ခံခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး နောက် KB Kookmin Bank ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များ၊ Korea Prede- parture Training ပို့ချချက်များကို Video Clip ဖြင့် ရှင်းလင်းပြသခဲ့သည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၏အမျိုးသားအဆင့် လျှပ်စစ်ကျွမ်းကျင်လုပ်သား စစ်ဆေးအကဲဖြတ်ခြင်း၊CVTနှင့် ပူးပေါင်း၍ လျှပ်စစ်ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးခြင်း၊ အောင်မြင်မှုစီမံကိန်းနှင့်ပူးပေါင်း၍အထည်ချုပ်လုပ်သားလေ့ကျင့်သင်တန်းပေးခြင်း၊အမျိုးသား အဆင့် အထည်ချုပ်အလုပ်အကိုင် စစ်ဆေးအကဲဖြတ်ခြင်း၊ကိုရီးယားဘာသာစကား သင်ကြား ပေးခြင်း၊ ပြည်ပလမ်းညွှန်သင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကဒ်ပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့်လုပ်သားများနှင့် လုပ်ငန်း ရှင်များစာချုပ်ချုပ်ဆိုခြင်းကိုဆောင်ရွက်လျက်ရှိသည်။
KB Kookmin Bank အနေဖြင့် သင်တန်းခန်းမပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊ Air-Con Projector တပ်ဆင်ခြင်း၊ အဆောက်အဦဆင်ဝင်ပြုပြင်ခြင်း၊ အိမ်သာအသစ်တည် ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်းအပါအဝင် မြန်မာကျပ်ငွေသိန်း (၁၀၀၀) ကျော်ကျခံဆောင် ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။