IT reform နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ

၁။ လူမှုဖူလုံရေးအဖွဲ့၏ လက်ရှိဆောင်ရွက်လျှက်ရှိသော ကွန်ပျူတာစနစ်အား ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး၊ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများနှင့် အာမခံအလုပ်သမားများ၏ အချက်အလက်များအား မှတ်ပုံတင်ခြင်း၊ ထည့်ဝင်သည့် ကာလများအား မှတ်တမ်းတင်ခြင်း၊ အကျိုးခံစားခွင့်များဖြစ်သည့် ဆေးကုသမှုနှင့် ငွေကြေးအကျိုး ခံစားခွင့်ပေးခြင်းတို့အား စနစ်တကျမှတ်တမ်းတင်၍ တိကျစွာတွက်ချက်နိုင်ရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း များ၊ ဝန်ဆောင်မှုများအား ထိရောက်စွာပေးနိုင်ရေး အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ လူမှုဖူလုံရေးအဖွဲ့ သတင်းအချက်အလက်စနစ် (SSB Information System) ကို (၃)နှစ် စီမံကိန်းကာလဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၂။ SSB Information System အတွက် TOR (Terms of Reference) နှင့်အညီ တင်ဒါ အသစ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈)အရ ခွင့်ပြုချက်ရရှိခဲ့ပြီး တင်ဒါအား ၁၇-၃-၂၀၁၈ နေ့မှ ၂၀-၃-၂၀၁၈ ရက်နေ့အထိ သတင်းစာများတွင်ကြော်ငြာ၍ ၂၀-၃-၂၀၁၈ ရက်နေ့မှ ၂၈-၃-၂၀၁၈ ရက်နေ့အထိ တင်ဒါပုံစံများရောင်းချခဲ့ပါသည်။ ၂၉-၃-၂၀၁၈ ရက်နေ့တွင် လူမှုဖူလုံရေး အဖွဲ့၏ သတင်း အချက်အလက်စနစ်(SSB Information System)နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ဒါပုံစံဝယ်ယူထားသည့် ကုမ္ပဏီများသို့ အသေးစိတ်ရှင်းလင်းခဲ့ပါသည်။

၃။ အဆိုပါတင်ဒါကို ကုမ္ပဏီ (၈၅) ခုမှ တင်ဒါပုံစံများဝယ်ယူခဲ့ပြီး ၎င်းတို့အနက် ကုမ္ပဏီ (၁၅) ခုမှ တင်ဒါအဆိုပြုလွှာများတင်သွင်းခဲ့ကြပါသည်။ အဆိုပါ ကုမ္ပဏီများကိုလူမှုဖူလုံရေးအဖွဲ့သို့ Site Survey ပြုလုပ်ခွင့်ပြုခဲ့ရာ ကုမ္ပဏီစုစုပေါင်း (၁၈) ခုမှ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) ဌာနများ၊ မြို့နယ် ရုံးခွဲများနှင့် ဆေးရုံ/ ဆေးခန်းများသို့ လာရောက်လေ့လာခဲ့ပါသည်။ တင်ဒါ ပုံစံဝယ်ယူခဲ့သော ကုမ္ပဏီများမှ မေးမြန်း
ခဲ့သည့်စနစ်နှင့် ပတ်သက်သော မေးခွန်းပေါင်း(၂၁၂) ခု၏ အဖြေများကိုတင်ဒါ အဆိုပြုလွှာ တင်သွင်း ရမည့်ရက်မတိုင်မီ နှစ်ပတ်အလိုအထိတင်ဒါပုံစံ ဝယ်ယူခဲ့သည့် ကုမ္ပဏီ (၈၅) ခု သို့ ဌာန၏ e-Mail မှ တစ်ဆင့် ပေးပို့ခဲ့ပါသည်။

၄။ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) စီမံကိန်း နှင့်ပတ်သက်၍ စနစ်အား ပိုမိုနားလည်သဘောပေါက်နိုင်စေရန်နှင့် လူမှုဖူလုံရေးအဖွဲ့၏ ပင်မလုပ်ငန်းစဉ် များအား လေ့လာရာတွင် အချိန်ပိုမိုရရှိစေရေးအတွက် ကုမ္ပဏီများ၏ အဆိုပြုတင်ပြချက်များအရ တင်ဒါအဆိုပြုလွှာ တင်သွင်းရမည့်ရက်အား ၁၁-၅-၁၈ ရက်နေ့အစား ၃၁-၅-၁၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ တင်ဒါအဆိုပြုလွှာများ ရက်တိုးမြှင့်သတ်မှတ်ပေးခြင်းကို သတင်းစာများ၊ ဝန်ကြီးဌာန website တို့တွင် ထည့်သွင်းကြေညာခဲ့ပါသည်။

၅။ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအား အထောက်အကူပြုနိုင်ရေးအတွက် နည်းပညာဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ (Administrative Evaluation အဖွဲ့)နှင့်နည်းပညာဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေးလုပ်ငန်း ကော်မတီ (Technical Evaluation အဖွဲ့) တို့မှ ဦးဆောင်၍ ၂၈-၆-၂၀၁၈ ရက်နေ့မှ ၂၃-၇-၂၀၁၈ ရက်နေ့အထိ Confirmation Check ၊ Administrative Evaluation နှင့် Technical Evaluation ဟူ၍ နည်းပညာ ဆိုင်ရာ စိစစ် ရွေးချယ်မှုများအား အပိုင်း(၃) ပိုင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

၆။ ထိုသို့ဆောင်ရွက်ရာတွင် တင်ဒါ အဆိုပြုလွှာတင်သွင်းခဲ့သည့် ကုမ္ပဏီ (၁၅) ခုအနက်မှ “ TOR အခန်း(၈)၊ အဆိုပြုလွှာများ၏ အရည်အသွေးကို စစ်ဆေးအကဲဖြတ်ရန် သတ်မှတ်ချက်များ” တွင် သတ်မှတ်ထားသည့် အရည်အသွေးပိုင်း အကဲဖြတ်မှုများနှင့် အညီ နည်းပညာဆိုင်ရာ အရည်အသွေး သတ်မှတ်ချက် ၇၀% နှင့်အထက် ရရှိသော အောက်ဖော်ပြပါ ကုမ္ပဏီ (၄) ခုအား ပဏာမရွေးချယ် ထားသည့် ကုမ္ပဏီများအဖြစ် ထုတ်ပြန်ကြေညာရန် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ သို့ တင်ပြခဲ့ရာ ၄-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၈)ခွင့်ပြုချက်အရ ၁၁-၉-၂၀၁၈ ရက်နေ့တွင် ဝန်ကြီးဌာန website ၌လည်းကောင်း၊ ကုမ္ပဏီများသို့ e-mail ပေးပို့၍လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်−
(က) Partner Associates International Co.,Ltd
(ခ) Lantro Myanmar Co.,Ltd
(ဂ) Myanmar Information Technology Co.,Ltd
(ဃ) Skylark Co.,Ltd

၇။ ဆက်လက်၍ အဆိုပါ ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီ (၄) ခုအား ၂၀-၉-၂၀၁၈ ရက်နေ့ တွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) သို့ ဖိတ်ခေါ်၍ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး အဆိုပါကုမ္ပဏီများ အား Presentation ပြုလုပ်မည့်နေ့ရက် နှင့်အချိန်အား ညှိနှိုင်းသတ်မှတ်ခြင်း၊ တင်ဒါလုပ်ငန်းစဉ်များ အား နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ပါ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ စျေးနှုန်းဖွင့်ဖောက်စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားရန် ရှင်းလင်းညှိနှိုင်းခြင်း၊ ကုမ္ပဏီများမှ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၈။ ၁၇-၁၀-၂၀၁၈ ရက်နေ့နှင့် ၁၈-၁၀-၂၀၁၈ ရက်နေ့များတွင် အဆိုပါကုမ္ပဏီ(၄)ခုမှ Presentation ပြုလုပ်ဆောင်ရွက်ခဲ့ပြီး နည်းပညာဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ (Technical Evaluation အဖွဲ့)အဖွဲ့ဝင်များမှ Presentation အမှတ်(၅%)ပေးခြင်းအား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးဆိုင်ရာအဆိုပြုလွှာများအား ဖွင့်ဖောက်စိစစ်ရာတွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ပါ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များအား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာတင်ဒါကော်မတီ၏ ကြိုတင်ညှိနှိုင်းခြင်းအစည်းအဝေး ကို ၂၆-၁၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၉။ ၂၈-၁၁-၂၀၁၈ ရက်နေ့နှင့် ၂၉-၁၁-၂၀၁၈ ရက်နေ့များတွင် အဆိုပါကုမ္ပဏီ(၄)ခု၏ ငွေကြေး ဆိုင်ရာအဆိုပြုလွှာများ ဖွင့်ဖောက်စိစစ်ခြင်း အစည်းအဝေးကို ရုံးအမှတ်(၅၁)၊ ဝန်ကြီးဌာန၊ စုဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာတင်ဒါကော်မတီ ဥက္ကဌ (အမြဲတမ်း အတွင်းဝန်)နှင့် အဖွဲ့ဝင်များ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ကြမ်းခင်းစျေးတွက်ချက်ရေး ကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် ကုမ္ပဏီ(၄)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်း အဝေးတွင် စျေးနှုန်းဖွင့်ဖောက်စိစစ်ခြင်းမပြုမီ ဝန်ကြီးဌာန၊အလုပ်သမားရေးရာဆိုင်ရာ တင်ဒါကော်မတီ ဥက္ကဌ(အမြဲတမ်းအတွင်းဝန်)နှင့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဌ(ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့)တို့မှ ငွေကြေးဆိုင်ရာ အဆိုပြုလွှာများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် TOR တွင် သတ်မှတ်ထားသည့် Specification အတိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ငွေကြေး အဆိုပြုလွှာ ဖွင့်ဖောက်စိစစ် ဆောင်ရွက်သွားမည့်နည်းလမ်းများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ရာ Myanmar Information Technology Co.,Ltd မှ TOR တွင် သတ်မှတ်ထားသည့် Specification အတိုင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အတွက် တင်ဒါယှဉ်ပြိုင်ခြင်းမှနုတ်ထွက်ခဲ့ပါသည်။ ငွေကြေးဆိုင်ရာ အဆိုပြုလွှာ ဖွင့်ဖောက်စိစစ်ခြင်းကို ၂၈-၁၁-၂၀၁၈ နေ့တွင်ပြုလုပ်ခဲ့ပြီး၊ ၂၉-၁၁-၂၀၁၈ နေ့တွင် ကုမ္ပဏီ(၃)ခုမှ ပထမအကြိမ်နှင့် ဒုတိယအကြိမ်စိစစ်စျေးနှုန်းများအား Competitive Bidding စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာစျေးနှုန်းနှင့် နည်းပညာရမှတ်များအား နိုင်ငံတော် သမ္မတရုံးမှထုတ်ပြန်ထား သည့် ညွှန်ကြားချက် အမှတ်(၁/၂၀၁၇)နှင့်အညီ စျေးနှုန်းနှင့်နည်းပညာ စုစုပေါင်း ရမှတ်များအား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ တင်ဒါကော်မတီနှင့် နည်းပညာ ဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ(Technical Evaluation အဖွဲ့)တို့မှ အသေးစိတ် တွက်ချက် အတည်ပြု သတ်မှတ်ခဲ့ ကြပါသည်။

၁၀။ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) အတွက် ဈေးနှုန်းနှင့် နည်းပညာစုစုပေါင်းအမှတ် အများဆုံးရရှိသည့် ကုမ္ပဏီအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ထုတ်ပြန်ကြေငြာ၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် ဝန်ကြီးရုံး၏ ၁၁-၁၂-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၃/အလ/ခွဲ(၁)၂၀၁၈(၁၅၇၈၈)ဖြင့် နိုင်ငံတော် သမ္မတရုံးသို့ ‘မူ’ အားဖြင့် ခွင့်ပြုပေးနိုင်ပါရန်နှင့် ခွင့်ပြုပါက တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် တင်ပြထားပြီးဖြစ်ပါသည်။

၁၁။ SSB Information System အတွက် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ရရှိပါက ပထမ ဦးစားပေးတင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံခြင်းသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ILO မှ IT Senior Consultant နှင့် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများသည် ၂၅-၂-၂၀၁၉ ရက်နေ့မှ ၁၅-၃-၂၀၁၉ ရက်နေ့အထိ လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ်(English Version)(မူကြမ်း)အား ပြင်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မြန်မာဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။


Data Cleaning & Data Entry လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ

SSB Information System စတင်ဆောင်ရွက်ခြင်းမပြုမီ လူမှုဖူလုံရေးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက် Data များအား တိကျ မှန်ကန်စွာရရှိစေရန်အတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သော Data Cleaning & Data Entry လုပ်ငန်းများအား၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့ နှင့် Partner Associates International Co.,Ltd တို့သည် ၂၈-၈-၂၀၁၈ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ လုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ရာ ၁၀-၅-၂၀၁၉ ရက်နေ့အထိ ကုမ္ပဏီမှ Set(A)၊ Set (B) Set(C) နှင့် Set (D)တို့၏ အလုပ်သမားမှတ်ပုံတင်ပုံစံ(၂)စောင်ရေ စုစုပေါင်း (၃၇၅,၈၅၃) စောင်အား Data Entry ပြုလုပ်ဆောင်ရွက်ပြီးဖြစ်ပါသည်။