၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ ပခုက္ကူမြို့

ပခုက္ကူမြို့၊ ဩဂုတ် လ ၂၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၄-၈-၂၀၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး၊ ပခုက္ကူခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မဟာဓါတ်အားလိုင်းမှူးရုံးမှ တာဝန်ရှိသူများ၊ အကျိုးခံစားခွင့် ရရှိသူများ၏ မိသားစုဝင်များ၊ အာမခံအလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်း ဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နွယ်နီမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါအကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မဟာဓါတ်အားလိုင်းမှူးရုံးမှ အာမခံအလုပ်သမား ဦးမျိုးမင်းလတ်၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ် ၅,၄၀၀,၀၀၀ိ/- (ကျပ်ငါးဆယ့်လေးသိန်းတိတိ)၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်း (အရာတော်ရေနံမြေ)မှ အာမခံအလုပ်သမား ဦးဌေးဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၄,၅၆၀,၀၀၀ိ/- (ကျပ်လေးဆယ့်ငါးသိန်းခြောက်သောင်းတိတိ)၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (ကျောက်ခွက်ရေနံမြေ) မှ အာမခံအလုပ်သမား ဦးနိုင်လင်း၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်မစွမ်းမှုငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၂,၉၃၀,၀၀၄ိ/- (နှစ်ဆယ့် ကိုးသိန်းသုံးသောင်းလေးကျပ်တိတိ) တို့အား အသီးသီးပေးအပ်ခဲ့ပါသည်။