၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ မေလ ၂၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၆-၅-၂၀၁၈ ရက်နေ့ နံနက်(၁ဝ:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်စက်မှုဇုန်၊ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ခရိုင်တာဝန်ခံ အရာရှိများ၊ မြို့နယ်ရုံးခွဲတာဝန်ခံများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း အင်အား(၂၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးစိန်သန်းမြင့်မှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံး ခဲ့သည့် အလုပ်သမား(၃)ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ်- ၁၅,၉၇၉,၅၆၀/-၊ အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အာမခံအလုပ်သမား(၃)ဦးအတွက် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် – ၉,၉၉၃,၀၆၀/-၊ အလုပ်တွင် ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အာမခံအလုပ်သမား(၁)ဦးအတွက် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေကျပ် ၁,၆၉၈,၆၆၆/၆၇ နှင့် ဆေးဘိုးကုန်ကျမှုပြန်အမ်းငွေ(၄)ဦးအတွက် ကျပ်- ၈,၄၀၈,၄၀၀/-၊ စုစုပေါင်း ကျပ်- ၃၆,၀၇၉,၆၈၆/၆၇ အား ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူများ၏ ကိုယ်စား Linfra Limited Myanmar Admin Manager၊ ဦးဇော်သက်အောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၁:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။