ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၁၄-၁၀-၂၀၁၉ ရက်နေ့မှ ၁၈-၁၀-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် World Social Security Forum နှင့် 33rd General Assembly of the International Social Security Association အစည်းအဝေးများ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း

၁။      ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၁၄-၁၀-၂၀၁၉ ရက်နေ့မှ ၁၈-၁၀-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် World Social Security Forum နှင့် 33rd General Assembly of the International Social Security Association အစည်းအဝေးများသို့ မြန်မာနိုင်ငံ၊ လူမှုဖူလုံရေး အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန် ဖိတ်ကြားလာမှုအပေါ်  ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသံရုံး (ဘရပ်ဆဲလ်မြို့) ၏ ၂၃-၁၀-၂၀၁၉ ရက်စွဲပါစာအမှတ် ၀၆၃-၈၁၄/၃၅ ၁၂ (စပရ) အရ မြန်မာနိုင်ငံသံရုံး (ဘရပ်ဆဲလ်မြို့) မှ သံမှူး ဒေါ်ဖူးပွင့်ကိုကိုနှင့် စီးပွားရေးသံမှူး ဦးကျော်စိန်ဝင်း တို့မှ မြန်မာနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ကိုယ်စား တက်ရောက်ခဲ့ပါသည်။

၂။       အဆိုပါ ကမ္ဘာ့လူမှုဖူလုံရေးထိပ်သီးညီလာခံသို့ ဘယ်လ်ဂျီယံ၊ တရုတ်၊ အယ်လ်ဂျီးရီးယား၊ လစ်သူရေးနီးယား၊ ဂျမေကာ၊ ရုရှားစသည့် နိုင်ငံများမှ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနများ၌ တာဝန်ယူဆောင်ရွက်နေကြသည့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကမ္ဘာ့ဘဏ်၊ ဥရောပကော်မရှင်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း စသည်တို့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံအလိုက် လူမှုဖူလုံရေးဆိုင်ရာ ဦးစားပေး အစီအစဉ်များ၊ စိန်ခေါ်မှုများနှင့် လူမှုရေးရာနှင့် စီးပွားရေးစိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်ရာ၌ အစိုးရများ၏ မဟာဗျူဟာအစီအစဉ်များတွင် လူမှုဖူလုံရေး၏ အခန်းကဏ္ဍ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

၃။      World Social Security Forum ကို “ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် လူသားများအား ကာကွယ်ပေးခြင်း” ခေါင်းစဉ်အောက်မှ ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုဖူလုံရေးနှင့်စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများအပါအဝင် လုပ်သားဈေးကွက်အသွင်ကူးပြောင်းမှု၊ အလုပ်အကိုင်ပုံစံသစ်၊ ဒစ်ဂျစ်တယ်နည်းပညာခေတ်နှင့် တီထွင်ဆန်းသစ်မှုတို့ဖြင့် ပြောင်းလဲနေသည့် အခြေအနေတွင် လူသားအရင်းအမြစ်များကို ထောက်ပံ့ပေးရန် လိုအပ်မှု၊ သက်ကြီးရွယ်အိုများအား ပိုမိုထိုရောက်စွာ ကူညီစောင့်ရှောက်ပေး နိုင်ရေး၊ အလုပ်လက်မဲ့များအား ကူညီထောက်ပံ့ပေးနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။

၄။      ထို့နောက် အပြည်ပြည်ဆိုင်ရာလူမှုဖူလုံရေးအသင်းက ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် လူမှုဖူလုံရေးဆိုင်ရာထူးချွန်ဆု (Oustanding Award in Social Security) ကို ရရှိခဲ့သည့် ရဝမ်ဒါနိုင်ငံအား ဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။