ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှသံအမတ်ကြီး Mr. Daniel Chugg အားလက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၈

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှသံအမတ်ကြီး Mr. Daniel Patrick Chugg အား ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၁၅၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး အလုပ်သမားရေးရာဆိုင်ရာကဏ္ဍတွင် ၂၀၁၉ ခုနှစ် အတွင်း ဦးစားပေး ဆောင်ရွက်မည့် ပြည်တွင်းအလုပ်သမားရေးရာအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလုပ်အကိုင်အခွင်အလမ်းများ ပိုမိုရရှိစေရေးနှင့် ပြင်ဆင်ရေးဆွဲရန်နှင့် အသစ်ရေးဆွဲပြဌာန်းရန် အတွက် လွှတ်တော်သို့ တင်ပြထားသောဥပဒေများ အမြန်ဆုံးအတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များ ၊ ILO, IOM အကူအညီဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကဏ္ဍ အနေဖြင့် ၂၀၁၉ ခုနှစ်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ဒေသတစ်ခုကို နမူနာရွေးချယ်၍ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ် များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့်သူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် ကိုဖီအာနန်၏ အစီရင်ခံစာပါ အချက်များအတိုင်း ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ နေရပ်စွန့်ခွာတိမ်းရှောင်သူများပြန်လည်လက်ခံရေးအတွက် မိမိတို့ ဝန်ကြီးဌာနနှင့် UNDP,UNHCR တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ လုပ်ငန်း များအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအတွင်း NV ကတ်ထုတ်ပေးမှုနှင့် ရခိုင်ပြည်နယ်အတွင်း NV ကတ်ထုတ်ပေးမှုအခြေအနေများ၊ NV ကတ်ကိုင်ဆောင်သူ၏ ရရှိ ခံစားနိုင်သည့် အကျိုးကျေးဇူးများနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ NV ကတ်ကိုင်ဆောင်ခြင်း၏အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ဒေသခံများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသတွင် မြန်မာ၊ ရခိုင်၊ဘင်္ဂလီ (၃)ဘာသာဖြင့် မေယု FM ရေဒီယိုမှထုတ်လွှင့်နေမှုနှင့် တာဝန်ရှိသူများမှ ရှင်းလင်း ဆွေးနွေးချပြနေမှုအခြေအနေများ၊ ဘူးသီးတောင်၊ မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။