အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့၊ တောင်ကြီးမြို့နှင့် မြစ်ကြီးနားမြို့များတွင် လူမှုဖူလုံရေး အဖွဲ့နှင့် ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများ သဘောတူစာချုပ်ချုပ်ထားသည့် အထွေထွေရောဂါကု ဆေးခန်းများ ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ဧပြီ ၃၀ ရက်

လူမှုဖူလုံရေးအဖွဲ့သည်အကျုံးဝင်မှတ်ပုံတင်ထားသောအာမခံအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုကိုဝယ်ယူသည့် Provider-Purchaser Split စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲ ခြင်းနှင့် ငွေပေးချေမှုကို နိုင်ငံတကာလူမှုကျန်းမာရေးအာမခံစနစ်များတွင် အသုံးပြုအောင်မြင် နေသည့် ငွေပေးချေမှုစနစ်များအနက် Capitation ဖြင့်စတင်စမ်းသပ်ကျင့်သုံးဆောင်ရွက်မည့် စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လူမှုဖူလုံရေးအဖွဲ့နှင့်ပြင်ပပုဂ္ဂလိက ဆေးရုံများ ပူးပေါင်းဖွင့်လှစ်သည့်အထွေထွေရောဂါကုဆေးခန်းများဖွင့်လှစ်ခြင်းအခမ်းအနားကို ဧပြီလ ၃၀ရက်၊ နံနက် (၉:၃၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့တွင် တစ်ပြိုင်နက်တည်းကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားများသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သဘောတူစာချုပ်ချုပ်ဆိုမည့် ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်းမှတာဝန်ရှိသူများ၊ ဒေသခံအလုပ်ရှင်များနှင့် အာမခံအလုပ်သမား များတက်ရောက်ခဲ့ပြီးအထွေထွေရောဂါကုဆေးခန်းများကိုပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ကျင်းပသော အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကိုတစ်မျိုးသားလုံးအကျုံးဝင်လာစေဖို့ မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီးအလုပ်ရှင်၊ အလုပ်သမားနဲ့ နိုင်ငံတော်က စုပေါင်းအာမခံထားသည့်စနစ်ဖြင့် နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ အလုပ်သမား များရဲ့လူမှုဘဝလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ် လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးမှ ဒီစီမံကိန်းဟာအလုပ်ရှင်အတည်တကျရှိပြီး လစဉ် ပုံမှန်ဝင်ငွေရှိတဲ့ Formal Sector ကဏ္ဍကနိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကဝန်ထမ်းတွေနဲ့ အလုပ်သမားတွေရဲ့ လူမှုကျန်းမာရေးကိုအထောက်အကူပြုတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောအာမခံစနစ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာအလုပ်သမား ၅ ဦးနဲ့ အထက်ရှိတဲ့ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေနဲ့ နိုင်ငံ့ဝန်ထမ်းအချို့ စီမံကိန်းမှာ အကျုံးဝင်နေပြီဖြစ်ပြီးတစ်နိုင်ငံလုံးအနေနဲ့ အာမခံအလုပ်သမားပေါင်း ၁၁ သိန်းကျော်ရှိနေပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာအကျုံးဝင်မှတ်ပုံတင်အာမခံအလုပ်သမားပေါင်း (၆၅၀၆) ဦးရှိနေပြီဟုပြောပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အကျုံးဝင်အာမခံအလုပ်သမားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးခြင်း၊ မကျန်းမာလို့အလုပ်မလုပ်ကိုင်နိုင်တဲ့အခါ ဝင်ငွေအဆင်ပြေစေရေး အတွက် ငွေကြေးအကျိုးခံစားခွင့်ပေးခြင်းများကိုမြို့နယ်ပေါင်း (၁၁၆) မြို့နယ်မှာအလုပ်သမား ဆေးရုံကြီး (၃) ရုံ၊ ရုံးခွဲပေါင်း (၇၈) ရုံး၊ မြို့နယ် ဆေးခန်းပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၅) ခန်း၊ လူမှုဖူလုံရေးကဲလ်ဝဲဆေးခန်း (၄) ခန်း၊ တိုင်းရင်းဆေးကုခန်း (၁) ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့နဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်ဟု ပြောပါ သည်။

ဆက်လက်ပြီးလူမှုဖူလုံရေးအဖွဲ့ဟာ အာမခံအလုပ်သမားများရဲ့ ကျန်းမာရေးဝန်ဆောင်မှု ကို အလွယ်တကူလက်လှမ်းမီရရှိနိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဦးစားပေးအစီအစဉ်များချမှတ်ဆောင်ရွက်ရာမှာပထမအဆင့်အနေဖြင့် ပြင်ပလူနာများအတွက် ဝန်ဆောင်မှုအားအခြားဆေးရုံ/ ဆေးခန်းများမှဝယ်ယူခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဆေးရုံတက် လူနာကုသမှုဝန်ဆောင်မှုအား အခြားဆေးရုံများမှဝယ်ယူခြင်း၊ တတိယအဆင့်အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံဆေးခန်းများကိုပုဂ္ဂလိကနှင့် စာချုပ်ချုပ်ဆိုပြီး (PPP)စနစ်ဖြင့်အဆင့်မြှင့်တင်ခြင်းနှင့် စတုတ္တအဆင့်အနေဖြင့် အဖွဲ့ပိုင်ဆေးရုံ၊ဆေးခန်းများကိုမိမိအစီအစဉ်ဖြင့် အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ကျန်းမာရေးရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ Universal Health Coverage ကိုအကောင်အထည် ဖော်ဆောင်ရာမှာတစ်ဘက်တစ်လမ်းကအထောက်အကူပေးနိုင်မယ်လို့ယုံကြည်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးမှပြောကြားပါသည်။

လက်ရှိဖွင့်လှစ်သွားမည့် စာချုပ်ဆေးရုံ၊ ဆေးခန်းများရဲ့ အားနည်းချက်၊ အားသာချက်များ ကိုပြန်လည်ဆန်းစစ်သုံးသပ်ပြီးပိုမိုထိရောက်ကောင်းမွန်တဲ့ကျန်းမာရေးဝန်ဆောင်မှုကိုအာမခံအလုပ်သမားများရရှိနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအပါအဝင် ကျန်တဲ့ ဒေသများမှာလည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုပြည်ထောင်စုဝန်ကြီးမှ ပြောကြားပါသည်။

အာမခံအလုပ်သမားများ၏ကျန်းမာရေးဝန်ဆောင်မှုမြှင့်တင်ရန် နောက်တဆင့်အနေနဲ့ ဆေးရုံတက်လူနာကုသမှုဝန်ဆောင်မှုအား အခြားဆေးရုံများမှဝယ်ယူခြင်းကို ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပြီးလူမှုဖူလုံရေးအဖွဲ့ဟာအာမခံအလုပ်သမားများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ခြင်းကိုအစဉ်တစိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်မှတ်ပုံတင် အာမခံအလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို တဆင့်ပြီးတဆင့် အဆင့်မြှင့်တင် ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ငွေကြေးအကျိုးခံစားခွင့်များကိုလည်းလက်ရှိအခြေအနေထက် ပိုမိုလွယ်ကူမြန်စွာ ထိရောက်အောင် ပေးစွမ်းနိုင်ရေးအတွက်လူမှုဖူလုံရေးအဖွဲ့၏ ကျန်ရှိသောအဓိကကဏ္ဍကြီး (၃)ခုဖြစ်သည့် ဥပဒေရေးရာကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာကဏ္ဍ၊ စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုရေးရာကဏ္ဍတွေကို ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိပါကြောင်း နှင့် အလုပ်ရှင်၊ အလုပ်သမားနဲ့နိုင်ငံတော်ဟာအပြန်အလှန်ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆောင်ရွက် ရတာဖြစ်တဲ့အတွက် အလုပ်ရှင်၊ အလုပ်သမားတွေဘက်ကလည်းနိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရသည်။

myeik5
မြိတ်မြို့၊ လူမှုဖူလုံရေး−ဒက္ခိဏဒီပါ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြောကြားစဉ်

myeik2
မြိတ်မြို့၊ လူမှုဖူလုံရေး−ဒက္ခိဏဒီပါ အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်စဉ်

myeik3
မြိတ်မြို့၊ လူမှုဖူလုံရေး−ဒက္ခိဏဒီပါ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်

myeik4
မြိတ်မြို့၊ လူမှုဖူလုံရေး−ဒက္ခိဏဒီပါ အထွေထွေရောဂါကုဆေးခန်းအား လှည့်လည်ကြည့်ရှုစဉ်

Taunggyi_clinic_opening
တောင်ကြီးမြို့၊ လူမှုဖူလုံရေး−မြတ်တော်ဝင်အထွေထွေ ရောဂါကုဆေးခန်း ဖွင့်လှစ်စဉ်

Taunggyi_clinic
တောင်ကြီးမြို့၊ လူမှုဖူလုံရေး−မြတ်တော်ဝင်အထွေထွေ ရောဂါကုဆေးခန်း ဖွင့်ပွဲတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်

myitkyinar3
တောင်ကြီးမြို့၊ လူမှုဖူလုံရေး−မြတ်တော်ဝင်အထွေထွေ ရောဂါကုဆေးခန်း ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်နေစဉ်

myitkyinar1
မြစ်ကြီးနားမြို့၊ လူမှုဖူလုံရေး−မြတ်မွန် အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်စဉ်

myitkyinar2
မြစ်ကြီးနားမြို့၊ လူမှုဖူလုံရေး−မြတ်မွန် အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်နေစဉ်