ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မန္တလေးမြို့ အလုပ်သမားဆေးရုံကြီးအား လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံမှာကြား

မန္တလေး ၊ ဒီဇင်ဘာ ၂၃ ရက်

အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂နာရီတွင် မန္တလေးမြို့ အလုပ်သမားဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ၊ အထူးကုဆရာဝန်ကြီးများ ၊လက်ထောက်ဆရာဝန်များ၊ သူနာပြုများ ၊ဆေးရုံဝန်ထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး မှ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ ၊ အထူးကု ဆရာဝန်ကြီး များ ကွင်းဆင်းဆေးကုသမှု အခြေအနေများ နှင့် ဆေးရုံကြီးလုပ်ငန်းဆောင်ရွက်မှုများ၊ဘဏ္ဍာငွေရရှိ မှု နှင့် အဆောက်အဦပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ၊ဆေးကုသမှု နှင့် ဆေးဝါးရရှိမှု အခြေ အနေများ အား ရှင်းလင်းတင်ပြခဲ့ပြီး၊ ညွှန်ကြားရေးမှူးချုပ် မှ လူမှုဖူလုံရေးအဖွဲ့၏ လက်ရှိ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ၊ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခြေ အနေများ၊ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ၊ဆေးခန်းများ ၏ဆေးကုသပေးနိုင်မှု အခြေအနေများ ၊ဆေးဖိုးပြန်လည်ပေးအမ်းမှု အခြေအနေ၊ ဘဏ္ဍာနှစ်အလိုက် ဆေးရုံပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ နှင့် ဆေးပစ္စည်းကိရိယာများ ဖြည့်တင်းပေးနိုင်မှု အခြေ အနေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ဆေးပစ္စည်း ကိရိယာများ ဖြည့်တင်းပေးမည့် အခြေအနေ နှင့် ဆောင်ရွက်ပေးမည့် ဆေးရုံပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ကို ဖြည့်စွက်ရှင်းလင်း တင်ပြ ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး မှ အမှာစကားပြောကြားရာ တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သည် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုအကာအကွယ်ပေးရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး ရည်မှန်းချက်များ ကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ကို အလုပ်သမားများရရှိခံစား နိုင်စေရန် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ ၏ အဓိကလုပ်ငန်းတာဝန်များ တွင် ဆေးကုသမှု ဝန်ဆောင်မှုပေးခြင်း သည် အဓိကကျပါကြောင်း၊ ထိရောက်သော ဆေးကုသမှုများ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် အသိပညာ ပေးခြင်း များ ကို အစဉ်တစိုက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် ဆေးကုသမှု ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဆေးရုံ(၃) ရုံ၊ ဆေးခန်း(၉၆)ခန်း ၊ဌာနကြီး ဆေးခန်း (၅၅)ခန်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၄) ခန်း၊ ရွေ့လျား ဆေးကုသယာဉ် (MMU) (၁) စီး တို့ဖြင့် ဆေးကုသမှုပေးလျက် ရှိပါကြောင်း ၊ ၂၀၁၄ ခုနှစ် စာရင်း အရ အကျုံးဝင် အာမခံ အလုပ်သမားဦးရေ (၇) သိန်းခန့်ရှိသော်လည်း ယခုအခါတွင် (၁၂)သိန်း (၅)သောင်းကျော် ရှိလာ သဖြင့် (၂) ဆ ခန့် တိုးတက်လာပါကြောင်း ၊ ကျန်းမာရေးဝန်ဆောင်မှု ကို အသုံးပြုသူလည်း ပိုမို များပြားလာသဖြင့် ဆေးကုသမှုဝန်ဆောင်မှု ကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း ၊ ထိုသို့ပြုပြင် ပြောင်းလဲရာတွင် ILO ၏နည်းပညာအကူအညီကို ရယူကာ ပြည်တွင်းရှိ ပညာရှင်များ နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လက်ရှိ ဆေးကုသမှုလုပ်ငန်းများအပြင် ဝန်ဆောင်မှု ပေးသူ နှင့် ဝန်ဆောင်မှု ဝယ်ယူသူ ကြား ခွဲခြားသည့် စနစ် Provider Purchaser Split (PPS) စနစ်ဖြင့် အာမခံအလုပ်သမားများ အား ပြင်ပလူနာ ဆေးကုသဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ ကိုလည်း အဆင့်မြှင့်တင်ဆောင်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့ ပြောင်းလဲရာ တွင်ဝန်ထမ်းများအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ၊ထိုသို့ ပူးပေါင်း ဆောင်ရွက် မှသာလျှင် အောင်မြင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း များ နှင့် အညီ လုပ်ငန်းများ ကို အကောင်အထည် ဖော်ရာတွင် စနစ်တကျ ကြိုးပမ်းအားထုတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊လူမှုဖူလုံရေးအဖွဲ့ သည် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရသည့် ဌာနဖြစ်သည့် အတွက် ဝန်ဆောင်မှုကောင်းမွန်ရေး နှင့် ဆက်ဆံရေးကောင်းမွန်ရန် အရေးကြီးပါ ကြောင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး မှ အလုပ်သမားဆေးရုံကြီး တွင် ဆေးကုသမှုခံယူလျက် ရှိသည့် အာမခံအလုပ်သမားများ အား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

IMG_5075

IMG_5076

IMG_5078