၁၁ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာလ ၃ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)တို့ပူးပေါင်း၍ ၁၁ ကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၃-၁၀-၂၀၁၈ ရက်နေ့၌ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ILO ၊ TRIANGLE in ASEAN စီမံချက်မှ နည်းပညာအကြံပေးအရာရှိချုပ် Ms.Anna Engblom၊ မြန်မာနိုင်ငံဆိုင်ရာကနေဒါ သံရုံးမှ ပထမအတွင်းဝန် Ms.Heather McBride ၊ ပြည်သူ့လွှတ်တော်မှကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ILO မှ တာဝန်ရှိသူများ၊ Task Force on ASEAN Migrant Workers (TFAMW) ၊ ASEAN Triangle Programme ၊ UN/ INGO/NGO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ယခင်ရွှေ့ပြောင်းအလုပ်သမားများ ဆိုင်ရာ အာဆီယံဆွေးနွေးပွဲအကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် တိုးတက်မှုအခြေအနေများကိုစဉ်စားသုံးသပ်ရန်၊ အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ အတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်မြှင့်တင်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်း နည်းလမ်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်အကြံပြုချက်များပြင်ဆင်နိုင်ရန်နှင့် ၁၁ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအာဆီယံဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်း ဆိုင်ရာ အာဆီယံကြေငြာစာတမ်း အကောင်အထည်ဖော်ခြင်း ကို အထောက်အကူဖြစ်စေရန် စင်ကာပူနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၁၁ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံဆွေးနွေးပွဲကို “အာဆီယံဒေသတွင်း ရွှေ့ပြောင်း အလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်မြှင့်တင် ဆောင်ရွက်ရန် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်း” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှရရှိလာသည့် နိုင်ငံအဆင့်ရလဒ်များကို ၁၁ ကြိမ်မြောက် ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ နေရသည့် အဓိကကိစ္စရပ်များကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ အရပ်ဖက် လူမှုအဖွဲ့အစည်း တို့အကြား ပွင့်ပွင့်လင်းလင်းတွေ့ဆုံဖလှယ် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်နည်းပညာကို ကဏ္ဍပေါင်းစုံမှ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု လျက်ရှိရာ နိုင်ငံအလိုက် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတွင် ဒစ်ဂျစ်တယ်နည်းပညာ ကို အခြေပြုဆောင်ရွက်လျှက်ရှိရာ၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုသူများအတွက် မှန်ကန်တိကျသည့် သတင်းအချက်အလက်နှင့် အရင်းအမြစ်များ ရရှိရန်အရေးကြီးကြောင်း၊ သတင်းအချက်အလက်ဖလှယ်ရန် ဒစ်ဂျစ်တယ်နည်းပညာသည် များစွာအထောက်အကူ ဖြစ်စေ ကြောင်း၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုစီမံခန့်ခွဲရေးတွင် ဒစ်ဂျစ်တယ်နည်းပညာကို အားပြု ဆောင်ရွက်နိုင်ရန် ကောင်းစွာသဘောပေါက်ရန်လိုပြီး လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသည့် အလုပ်အကိုင်ဝန်းကျင်နှင့် အနာဂတ် အလုပ်အကိုင်အခြေအနေများကို ကောင်းစွာသိမြင်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်ရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ILO ၊ TRIANGLE in ASEAN စီမံချက်မှ နည်းပညာအကြံပေးအရာရှိချုပ် Ms.Anna Engblom နှင့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ပထမအတွင်းဝန် Ms.Heather McBride တို့မှအသီးသီးအမှာစကားပြောကြားပြီး တက်ရောက်လာသူများက စင်ကာပူနိုင်ငံတွင် ကျင်းပမည့် 11th AFML ၏ ခေါင်းစဉ် ဖြစ်သည့် “Digitalisation to Promote Decent Work for Migrant Workers in ASEAN” နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး နိုင်ငံအဆင့်အကြို ညှိနှိုင်း အစည်းအဝေးမှ တိုက်တွန်းချက်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် Direct Contacts Mission အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Prof. Yozo Yokota ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နေ့လည် ၁၃:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ILO ၏စံများလိုက်နာကျင့်သုံးမှုဆိုင်ရာကော်မတီ CAS ဆုံးဖြတ် ချက် (၆) နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်တွေ့ဆုံဆွေးနွေးပြီးသည့် အခြေအနေ များနှင့်ပတ်သက်၍လည်းကောင်း၊ ILO အပါအဝင် အခြားUN အဖွဲ့အစည်းများ၏ အကူအညီ ဖြင့်အလုပ်သမားရေးရာသုံးပွင်ဆိုင်ဆွေးနွေးမှုများ၊ဥပဒေရေးဆွဲရေးဆိုင်ရာဆောင်ရွက်မှုများတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ Direct Contacts Mission အဖွဲ့၏အကြံပြုချက်များနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်သွားမည့်အခြေအနေများ၊ အလုပ်သမားရေးရာအငြင်းပွားမှုဆိုင်ရာ ဥပဒေကိစ္စရပ်များ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေများနှင့်ပတ်သက်၍ ရင်းနှီးပွင်လင်းစွာဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DSC04301
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ Direct Contacts Mission အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Prof. Yozo Yokota ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်