အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်  ၊ဇန်နဝါရီ ၁၉ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Carlos Paranhos အား ယနေ့နံနက် ၁ဝး၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆောင်ရွက်နေမှုအခြေအနေများ နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ဝန်ကြီးဌာနနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံ စစ်တမ်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦးအား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ စစ်တမ်းဌာနသို့ လေ့လာရေးခရီး စေလွှတ်ခဲ့ပြီး အဆိုပါခရီးစဉ်၏ ရလဒ်အဖြစ် ဘရာဇီးလ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စစ်တမ်းနှင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေးကို ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း။

ကိုယ်စားလှယ်အဖွဲ့များအကြားညှိနှိုင်းမှုများအရ မြန်မာနိုင်ငံက အဆိုပြုသည့် နည်းပညာ ဆိုင်ရာ လိုအပ်ချက်များပံ့ပိုးပေးနိုင်ရေး ဘရာဇီးလ်အစိုးရ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Joao Pinheiro Foundation (FJP) က လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဌာန၏ စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များကို လေ့လာနိုင်ရေးစီစဉ် ဆောင်ရွက်ခဲ့သော်လည်း COVID-19 ရောဂါကြောင့် ခရီးစဉ်အားရွှေ့ဆိုင်းခဲ့ရကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံရုံးမှ ကိုယ်စားလှယ်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ Video Conferencing စနစ်ဖြင့် လိုအပ်သော ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး နည်းပညာအကူအညီပေးရေးအတွက် Working Plan ရေးဆွဲ၍ ဦးစားပေး လုပ်ငန်းများသတ်မှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ၂၀၁၄ ခုနှစ်တွင် UNFPA အကူအညီဖြင့် တစ်နိုင်ငံလုံးသန်းခေါင်စာရင်း ကောက်ယူ ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၅ နှစ်ပြည့် နှစ်ဝက်ဆန်းစစ်ခြင်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခဲ့မှု အခြေအနေများ၊ ၂၀၂၄ ခုနှစ် ၁၀ နှစ်ပြည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် နည်းပညာဆိုင်ရာ ပံ့ပိုးပေးနိုင်ရေး ကောင်းမွန်သည့်အတွေ့အကြုံများ ဖလှယ်ရေးအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း။

ဝန်ကြီးဌာနအနေဖြင့် လုပ်သားဆိုင်ရာစာရင်းအင်းများ စဉ်ဆက်မပြတ် ရရှိနိုင်ရေးနှင့်မူဝါဒ ချမှတ်သူများအား ပံ့ပိုးပေးနိုင်ရေး အတွက် တစ် နှစ်လျှင် နှစ်ကြိမ် လုပ်သားအင်အား စစ်တမ်းအား စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းနှင့် ပိုင်ဆိုင်မှုကဏ္ဍ အလိုက်အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းတို့ကို ပုံမှန်ကောက်ယူပြုစုလျက်ရှိသည့် အခြေ အနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ကောက်ယူစုဆောင်းထားသည့် အချက်အလက်များ သိမ်းဆည်းခြင်းနှင့် အချက်အလက်အသုံးပြုသူများ အလွယ်တကူရယူနိုင်ရေး Online Database System တစ်ရပ် ထူထောင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ အကူအညီလိုအပ်မှုများ စစ်တမ်း ကောက်ယူရေးလုပ်ငန်းများ ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရေးအတွက် နည်းပညာသင်တန်းအကူ အညီများကိုလည်း ပံ့ပိုးကူညီပေးရေး ကိစ္စရပ်များအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည့်အစီအစဉ်တို့နှင့် ပတ်သက်၍ နှစ်ဘက်အမြင်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။