အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်  ဩဂုတ်၂၅ ရက်

ပြည်တွင်း/ပြည်ပသင်တန်းများ၌ထူးချွန်စွာအောင်မြင်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ပြည်တွင်း/ပြည်ပ သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် အမှုထမ်း/အရာထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပ သည့်အခမ်းအနားသည်ပြည်တွင်း/ပြည်ပသင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ဝန်ထမ်း များကိုဂုဏ်ပြုဆုချီးမြှင့်ပေးသည့်အခမ်းအနားဖြစ်ပါကြောင်း။ ပြည်တွင်း/ပြည်ပ သင်တန်းများမှာ အဆင့် (၁၊ ၂၊ ၃) ရရှိသူ အရာထမ်း (၂၇) ဦး ဘာသာစုံဂုဏ်ထူးရရှိသူ (၂၃) ဦး စုစုပေါင်း (၅၀) ဦးကို ယခုအခမ်းအနားဖြင့် ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း။

ဗဟိုဝန်ထမ်းတက္ကသိုလ်မှ လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များသည် ဝန်ထမ်း များအတွက် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာတွင် အခြေခံကောင်းများရရှိအောင် ပျိုးထောင်ပေးခြင်းသာဖြစ်ပြီး အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်လာအောင် မိမိတို့၏လုပ်ငန်းခွင်နှင့်ဆက်စပ်ပြီး ဆက်လက်ဆည်းပူးလေ့လာသွား ရမှာဖြစ်ပြီး မိမိတို့၏အရည်အသွေးမြင့်မားလာပါက လုပ်ငန်းကိုပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် အပြင်စေတနာထား၍ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေမည် ဖြစ်ပါ ကြောင်း။

ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ မိမိတို့ ရောက်ရှိနေသော အဆင့်ကို တိုင်းတာသတ်မှတ်ရာတွင် ထိုးထွင်းသိမြင်ခြင်း၊ ရှေ့ဦးတီထွင်လုပ်ဆောင်မှုရှိခြင်း၊ ဉာဏ်ကွန့်မြူးခြင်း၊ ပါဝင်ပတ်သက်မှုရှိခြင်း၊ တင်္ခဏုပ္ပတ္တိဉာဏ်ရှိခြင်း ၊ တစ်ကိုယ်ရည်ထူးချွန်မှုရှိ ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြင့် တိုင်းတာရမည်ဖြစ်ပြီး မည်သည့်အချက် များလိုအပ်နေသည်ကို သုံးသပ်ဆန်းစစ်ပြီး လိုအပ်သည့်အချက်များရှိပါက ဖြည့်ဆည်းနိုင်ရေး အတွက် ကြိုးစားသွားကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း။

ဝန်ထမ်းများသည် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင်အထည်ဖော်ကြရမှာ ဖြစ်သည့်အတွက် မိမိတို့နှင့်သက်ဆိုင်သော ပညာရပ် ဗဟုသုတများသာမက နိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက်သည့် ဘာသာရပ်နယ်ပယ် အသီးသီးကိုလည်း နှံ့နှံ့စပ်စပ်နားလည်သိရှိပြီး အစဉ်တိုးတက်နေအောင် လေ့လာဆည်းပူးသွား ကြရန်လိုအပ်သကဲ့သို့ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင်လည်း ဆက်လက်လေ့လာဆည်းပူး သွားကြဖို့လိုအပ်ပါကြောင်း။

သင်တန်းများတွင်ဝန်ထမ်းများအား သိသင့်သိထိုက်သည့်အကြောင်းအရာများကိုသင်ကြား ပေးနေသော်လည်း မိမိဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများ အရည်အချင်း ပြည့်ဝစေရေး စည်းကြပ်ဆောင်ရွက်နေသည့် ဥပဒေများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက် များကို တိတိကျကျ သိရှိနားလည်လိုက်နာစေရေးကို ဝန်ထမ်းသစ်များ ခန့်အပ်ပြီး သည့်အခါတွင် သက်ဆိုင်ရာသင်တန်းများ ပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် စီစဉ် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း။

ပြည်တွင်း/ပြည်ပသင်တန်းများတွင် ထူးချွန်စွာတက်ရောက် အောင်မြင်လာသည့် ဝန်ထမ်း များအား အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ပေးရမှာဖြစ်သကဲ့သို့ သာမန်အောက်ရရှိသည့် ဝန်ထမ်းများ ကိုလည်း ဖြေရှင်းချက်များ တောင်းခံ၍ ထိုက်သင့်သည့်သတိပေးခြင်းမျိုး ထားရှိရမည်ဖြစ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်းအဆင့် သတ်မှတ်ချက်များ ပေးပို့လာသည်များကို ဝန်ထမ်း တစ်ဦးချင်းစီ၏ အဆင့်ရရှိမှုအလိုက် မှတ်တမ်းများထားရှိပြီး ယင်းတို့မှတ်တမ်းထားရှိ ကြောင်းကိုဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်ဝန်ထမ်းများနှင့်တွေ့ဆုံပွဲများတွင် တွန်းအားပေး ချပြ ပြောဆိုသွားရန် လိုအပ်ပါကြောင်း။

သင်တန်းများကလေ့ကျင့်သင်ကြားပေးလိုက်သည့်ပညာရပ်များသည်ဝန်ထမ်းများအတွက် အသိဉာဏ်အမြော်အမြင်နဲ့ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊ ရှာဖွေစူးစမ်းလေ့လာ သင်ယူနိုင် စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ်ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မှုစသည့် အရည်အသွေးကောင်းမှုများကို ပြုစု ပျိုးထောင်ပေးသည့်အတွက်အစဉ်ထက်မြက်နေအောင် ဆက်လက်လေ့လာသင်ယူ နိုင်မှသာလျင် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားများဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြည်တွင်း/ပြည်ပ သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် အရာထမ်း၊ အမှုထမ်းများအား အသီးသီး ဂုဏ်ပြု ဆုများချီးမြှင့်ပေးခဲ့ပါသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန်ရုံး မှ ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်း က ဂုဏ်ပြုချီးမြှင့်ဆုရရှိသူများ၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။