အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇန်နဝါရီ  ၁၃ ။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူ များအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇန်နဝါရီလ (၁၃) ရက်၊ ယနေ့နံနက် ၁၀ နာရီတွင် ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြ သည်။

အစီအစဉ်အရ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူများဟူ၍ အမျိုးအစား(၄)မျိုးခွဲခြား သတ်မှတ်ကာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) ကျင့်သုံး ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများအား ထုတ်ပြန် ပြဋ္ဌာန်း ထားသည့် နည်းဥပဒေနှင့်အညီဖြစ်စေရေး အတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့် ဆင့် စိစစ် ရွေးချယ်ကာ လူတွေ့မေးမြန်း အကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြု ပေးခြင်းဖြစ်ကြောင်း၊ ယခု လူတွေ့စစ်ဆေးခြင်းကို လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီ တို့မှ အဆင့်ဆင့်စိစစ်ပြီးဖြစ်သည့် အမြဲနေထိုင်ခွင့် လျှောက်ထားသူ (၁၈) ဦးအား လူကိုယ်တိုင် တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကဲဖြတ် အကြံပြုဆွေးနွေးပေးကြ ရန် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူးကိုယ်စား လုပ်ငန်း တာဝန်ခံက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် ဗဟိုကော်မတီမှ စိစစ်ပြီးသူများအား  လူတွေ့ မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင် များသည် လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် များ၊ ပြဋ္ဌာန်းထားသည့်နည်းဥပဒေများအပေါ် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကာ အကဲဖြတ်အတည်ပြုဆုံးဖြတ်ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စတင်ဆောင်ရွက် သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း(၆၄၈)ဦးရှိသည့်အနက် (၅၉၁)ဦးအား ခွင့်ပြုပေးခဲ့ပြီး  နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေး ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ ဗဟို ကော်မတီမှ စိစစ်အတည်ပြုပြီးသူများအနက် ရင်းနှီးမြှုပ်နှံသူ (၁) ဦး ၊ မြန်မာနိုင်ငံသားဟောင်း (၁၃) ဦး၊ ယင်းတို့နှင့် ဆက်စပ်သူနိုင်ငံခြားသား (၄) ဦး၊ စုစုပေါင်း နိုင်ငံခြားသား (၁၈)ဦးအား လူတွေ့မေးမြန်းအကဲဖြတ် အတည်ပြုဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့် သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။