အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇူလိုင် ၃

မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၃) ရက်၊  ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသာဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-ID Population Registry စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ရာ ဩစတြီးယားနိုင်ငံ OeSD မှ e-ID စနစ်တည်ဆောက်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ စီမံကိန်းအဆိုပြုဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယင်းစီမံကိန်းအဆိုပြုလွှာနှင့့််ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) တို့သို့ သဘောထားမှတ်ချက်များတောင်းခံခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထို့အပြင် e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီများအလိုက် စီမံကိန်း အဆိုပြုလွှာအပေါ် အကြံပြုချက်များတောင်းခံစုစည်းထားပြီးဖြစ်ရာ အကြံပြုချက်များနှင့် ပတ်သက်၍ စီမံခန့်ခွဲရေးဆိုင်ရာအကြံပြုချက်၊ နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်၊ သဘောတူ စာချုပ်ဆိုင်ရာအကြံပြုချက်များဟူ၍ အပိုင်း(၃)ပိုင်းခွဲခြား စုစည်းထားပါကြောင်း၊ ယခုတက်ရောက် လာသည့် ကော်မတီဝင်များအနေဖြင့် ယင်းအကြံပြုချက်များကို ထပ်မံဖြည့်စွက်လိုသည့်အချက်များ၊ ညှိနှိုင်းဆွေးနွေးလိုသည့် အချက်များရှိပါက ဖြည့်စွက်ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ ဩစတြီးယားနိုင်ငံ OeSD ၏  အဆိုပြုလွှာတွင် Unique ID ထုတ်ပေး သည့်အဆင့်အထိသာပါရှိပြီး ကတ်ထုတ်ပေးခြင်း၊ ရုံးအဆောက်အဉီနှင့် အင်တာနက်ကွန်ယက်များ၊ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ ကုန်ကျစရိတ်များ ပါဝင်ခြင်းမရှိသဖြင့် ကျန်ရှိသည့်ကုန်ကျမည့်ငွေများကို နိုင်ငံတော်ဘတ်ဂျက်မှ တောင်းခံသုံးစွဲရမည်ဖြစ်ပါကြောင်း ယင်းခန့်မှန်းကုန်ကျစရိတ်များကို သက်ဆိုင်ရာဆပ်ကော်မတီ များအလိုက် ခန့်မှန်းတွက်ချက်ပေးထားပါကြောင်း၊ OeSD ၏ အဆိုပြုလွှာအပေါ် အကြောင်းပြန်ကြား နိုင်ရေးအတွက် စီးပွားရေးရာကော်မတီထံ အမှာစာပေးပို့တင်ပြပြီး၊ ခွင့်ပြုချက်ရရှိမှသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း စီမံကိန်းအဆိုပြုလွှာနှင့်ပတ်သက်၍ ဖြည့်စွက် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ အပြီးသတ်ဆွေးနွေးအကြံပြုချက်များကို OeSD နှင့် အသေးစိတ် ပြန်လည်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သဖြင့် တက်ရောက်လာကြသူများအနေဖြင့် OeSD ၏ အဆိုပြုလွှာအပေါ် ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ကော်မတီဝင်များက e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ဩစတြီးယားနိုင်ငံ OeSD ၏ စီမံကိန်း အဆိုပြုလွှာနှင့်ပတ်သက်၍ စီမံခန့်ခွဲရေး၊ နည်းပညာပိုင်းနှင့် လုပ်ငန်းဆိုင်ရာသဘောတူစာချုပ် စသည့် အကြံပြုချက်များအပေါ် ကဏ္ဍအလိုက် သုံးသပ်တွေ့ရှိမှုများ၊ မိမိတို့နိုင်ငံ၌အသုံးပြုမည့်     e-ID စနစ်အတွက် အထောက်အကူပြုနိုင်မှုနှင့် လက်တွေ့ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ပြည်တွင်း/ ပြည်ပအပါအဝင် နိုင်ငံတကာအဆင့်ဖြင့် စနစ်တစ်ခုလုံးချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ နည်းပညာပိုင်း ဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာစက်ပစ္စည်းများ၊ စနစ်များကို ဆက်လက်လွှဲပြောင်းထိန်းသိမ်း၍ အဆင့်မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်များ လုပ်ဆောင်နိုင်ရေး အခြေအနေ၊ e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ပြည်သူ လူထုမှသိရှိစေရန်အတွက် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန် ကြေညာအသိပေး သွားရန်လိုအပ်မှုအခြေအနေ၊ လုပ်ဆောင်မည့်လုပ်ငန်းများအား အသေးစိတ်စီမံချက်ရေးဆွဲ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်လုပ်ဆောင်သွားမည့်အခြေအနေတို့နှင့်စပ်လျဉ်း၍ အသီးသီး သုံးသပ်ဆွေးနွေးအကြံပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အားလုံး၏ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး OeSD မှ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ယခုလ ဒုတိယအပတ်အတွင်းလာရောက်ရန်ရှိသဖြင့် လုပ်ငန်းများဆက်လက်လုပ်ဆောင်နိုင်ရန် မိမိတို့ဘက်မှ တွေ့ရှိချက်၊ အကြံပြုချက်များကို တိတိကျကျ ဆွေးနွေးနိုင်ရန် တာဝန်ရှိသူများအနေဖြင့့်် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ယခု e-ID စနစ် လုပ်ငန်းစဉ် သည် နိုင်ငံအတွက်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် e-ID စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝိုင်းဝန်း ကူညီပံ့ပိုးဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။