ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများ၏ ကြုံတွေ့ ရသည့် အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း အစည်းအဝေးတက်ရောက်၊ အကောင်းဆုံးအဖြေရှာ၍ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုး တက်စေရေး ကြိုးပမ်းကြရန်တိုက်တွန်းမှာကြား

နေပြည်တော် ၊ဩဂုတ်လ ၃ ရက်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၃) ရက် ၊ နံနက် (၁၀) နာရီက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ တက်ရောက်ကြပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အခြေခံ တောင်သူလယ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့မှ ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အသီးသီးမှ ကိုယ်စားလှယ်များသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တတိယလှိုင်းကို ထိရောက်စွာကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တစ်ဆက်တစ်စပ် တည်း အများပြည်သူအလုပ်ပိတ်ရက်များ သတ်မှတ်ကြေညာကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဖြတ်တောက်၍ ပိုမိုထိရောက်စွာကာကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအလုပ် ပိတ်ရက်များတွင် စက်ရုံ၊ အလုပ်ရုံများ မလည်ပတ်နိုင်ပါက အလုပ်ရှင်များ ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်နိုင်သကဲ့သို့ အလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ကာ ထိခိုက်မှုများရှိနိုင်သည့်အတွက် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အစိုးရ ရုံးပိတ်ရက် သတ်မှတ်ချက်များနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ တတိယ လှိုင်းကြောင့် လူနေထူထပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်မှုများပြားနေ သကဲ့သို့ အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များ၌လည်း ရောဂါဖြစ်ပွားမှု မြင့်မားနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ယခုအခါ မိမိတို့ဝန်ကြီးဌာနအား အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့မှစ၍ အလုပ်သမားဝန်ကြီးဌာနကို နိုင်ငံတော်အစိုးရက သီးခြားပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ထို့ကြောင့် အလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များကို ထဲထဲဝင်ဝင်၊ ဖိဖိစီးစီး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် အလုပ်သမားများ အလုပ်ရရှိရေးသည် အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကသာ ဆောင်ရွက်ပေးနိုင်ပါ ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် မျှမျှတတ ပူးပေါင်းဆောင်ရွက်ကြမှသာ ကုန်ထုတ် လုပ်မှုတိုးတက်မည် ဖြစ်ပါကြောင်း၊ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေးနှင့် အလုပ်ရှင် များရေရှည်ရပ်တည် ရှင်သန်နေစေရေးအတွက် နိုင်ငံတော်အစိုးရက လိုအပ်ချက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ လူမှုဖူလုံရေးအဖွဲ့၏ ဆေးရုံဆေးခန်းများတွင် ဆေးဝါးများအသင့်ဖြစ်စေရေးနှင့် အလုပ်သမားလူနာများအား ဆေးဝါးကုသပေးရေးဆောင်ရွက်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် အလုပ်သမားဆေးရုံနှင့် မန္တလေးအလုပ်သမားဆေးရုံကြီးတို့တွင် ကိုဗစ်-၁၉ သံသယ လူနာများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ချက်များနှင့်အညီ ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားပါသည်။

အလုပ်သမားများ၏ လုပ်ခလစာ အချိန်မီထုတ်ပေးနိုင်ရေး အတွက်လည်း စီမံကိန်းနှင့်ဘဏ္တာရေးဝန်ကြီစီးဌာန၊ ဗဟိုဘဏ်တို့နှင့် အတတ်နိုင်ဆုံး ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် အလုပ်သမားများအနေဖြင့် လက်ရှိကြုံတွေးခံစားရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြသကဲ့သို့ အလုပ်ရှင်များ၏ အခက်အခဲကြားမှ ဆောင်ရွက်ပေးမှုများကိုလည်း ကြည့်ရှု့ပေးရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်များ ဘက်မှလည်း စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်ပျော်ရွင်စေရေးတို့အတွက် ဖော်ဆောင်ဖန်တီး ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများသည် တစ်ဖက်သတ်မကြည့်ဘဲ တစ်ဖက်နှင့်တစ်ဖက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ မျှမျှတတ မြင်အောင် ကြည့်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အပြန်အလှန် ညှိနှိုင်းသုံးသပ်ကာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ ကြုံတွေ့နေရသည့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ အကောင်းဆုံအဖြေရှာ ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် စက်မှုဇုန်အသီးသီး မှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံခံစားနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို အားလုံးက အတူတကွလက်တွဲ ကျော်ဖြတ်ရင်း နိုင်ငံ၏ထုတ်ကုန်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းကြ ဆောင်ရွက်ကြရေး မှာကြားကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။