မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာဆပ်ကော်မတီဥက္ကဌနှင့် ဌာန ဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အလုပ်ရှင်များနှင့် မသန်စွမ်း အသင်းအဖွဲ့များ ညှိနှိုင်းဆွေးနွေး

ရန်ကုန်  ၊ဇန်နဝါရီလ ၁၀ ရက်

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအောက်တွင် ဖွဲ့စည်းထား သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ ဥက္ကဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် ဆပ်ကော်မတီအဖွဲ့ဝင် များ၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အလုပ်ရှင်များနှင့် မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်း သူများအသင်း၊ မြန်မာနိုင်ငံမျက်မမြင်များအသင်း၊ မြန်မာနိုင်ငံနားမကြားသူများ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လည် ၁၃:၀၀ နာရီတွင် အမှတ်(၂၉၈)၊ မြနန္ဒာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ဖိတ်ကြားထားသူ အပါအဝင် စုစုပေါင်း (၈၂) ဦး တက်ရောက်ခဲ့သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ ဥက္ကဌက မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် ၉၈/၂၀၁၈ ဖြင့် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားကော်မတီ၏  အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်  ၃-၁၂-၂၀၁၉ ရက်နေ့ တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီကို အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုအဖွဲ့- MCRB၊ AAR-Japan၊ ILO၊ Japan Heart၊ ABLIS Foundation၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၅ ဦး၊ မသန်စွမ်းသူများ ဘဝမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ မြန်မာနိုင်ငံ မျက်မမြင်များအသင်း၊မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ရွှေမင်းသားဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်မှ ကိုယ်စားလှယ်အပါအဝင် အဖွဲ့ဝင် ၄၀ ဦး ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊အလုပ်အကိုင်ရေးရာဆပ်ကော်မတီ၏လုပ်ငန်းဝတ္တရားများအနက် မသန်စွမ်း သူများ တက်ရောက်နိုင်သော အသက်မွေးမှု အထူးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးနိုင်ရေး သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ LEO ရုံး များတွင် မှတ်ပုံတင်ထားသည့် မသန်စွမ်းသူများ၏ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်၍ အလုပ်ရှင်များ၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ပေးရန်၊ လုပ်ငန်းခွင်ဝင်ရန်သင့်တော်သည့် မသန်စွမ်းသူများအား လူတွေ့စစ်ဆေးရာတွင် ဖြေဆို နိုင်ရေး အထောက်အကူပြုသင်တန်းများ တက်ရောက်နိုင်ရေး၊ အလုပ်သမားဥပဒေဆိုင်ရာများ အသိပညာပေးခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးမှူးများအား လေ့ကျင့်ပေးနိုင်ရေး ပေါင်းစပ် ညှိနှိုင်း ပေးရန်စသည်တို့ ပါဝင်ကြောင်း၊ အလုပ်အကိုင်အမျိုးအစားသတ်မှတ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနဲ့ အလုပ်ရှင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊  လူမှုဝန်ထမ်းဦးစီးဌာနရှိ မှတ်ပုံတင်ကြီးကြပ်ရေးမှူးများမှမသန်စွမ်းသူများမှတ်ပုံတင်လျှောက်ထား လာပါက မှတ်ပုံတင်အရာရှိချုပ်ထံတင်ပြပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းသို့မဟုတ်ပယ်ဖျက် ခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း၊ သတ်မှတ်ထားသော မသန်စွမ်းမှုအင်္ဂါရပ်များနှင့် အကျုံး မဝင်ခြင်းတို့အတွက် မှတ်တမ်းတင်ဆောင်ရွက်ခြင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအပြင် အသိပညာပေးသင်တန်း ဖွင့်လှစ်လုပ်ဆောင်မှုကို ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တို့မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဥက္ကဌအဖြစ် ပါဝင်သည့် မသန်စွမ်းမှုအဆင့် စိစစ်သတ်မှတ်ရေး နည်းပညာဆိုင်ရာ အဖွဲ့ကို ကျွမ်းကျင်သည့် အထူးကုဆရာဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်တို့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပြီး မသန်စွမ်းမှု အမျိုးအစားနှင့်မသန်စွမ်းမှုအဆင့်အလိုက် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုခံစားခွင့်ပေးနိုင် ရေး မသန်စွမ်းသူများကို စစ်ဆေးအကဲဖြတ် အဆင့်သတ်မှတ်ပေးနိုင်ရေး စီမံဆောင် ရွက်လျက်ရှိ ကြောင်း၊အလုပ်လုပ်ကိုင်နေသည့် မသန်စွမ်းသူများသည် ကျပန်းအလုပ်၊ အရောင်းအဝယ်၊ မွေးမြူ ရေး၊ ကုန်စုံဆိုင်၊ ပန်းရံ၊ စိုက်ပျိုးရေး၊ အသေးစားအိမ်တွင်းလုပ်ငန်း နှင့် လက်သမားလုပ်ငန်းများ တွင် လုပ်ကိုင်နေကြောင်းသိရှိရ၍ ကုန်ထုတ်စွမ်းအား တိုးမြှင့်ပေးနိုင်ရေး၊ ခွဲခြားဆက်ဆံမှုမခံရ ရေး၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ သက်မွေးမှုအထူးသင်တန်း ကျောင်းများမှ ပို့ချသင်ကြားပေးလျက် ရှိကြောင်း၊ အလုပ်ရှင်များအနေဖြင့် မသန်စွမ်းသူများကို သင့်လျော်သည့် အလုပ်ခန့်ထားပေးနိုင် ရေးသက်ဆိုင်ရာဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း၊ မသန်စွမ်းသူများကို အလုပ်ခန့်ထားသည့် ကုမ္ပဏီများအနေဖြင့် ဝယ်ယူအားပေးသူများနှင့် လူမှုအသိုက်အဝန်းက ကုန်ပစ္စည်းအမှတ်တံဆိပ်အပေါ် အလေးထား၍ ကုန်သွယ်မှု ကောင်းမွန်လျက်ရှိကြောင်း၊ မသန် စွမ်းသူများအတွက် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ဆောင်ရွက်ပေးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ မသန်စွမ်းသူများ အဆင်ပြေ သင့်လျော်သည့် လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ဖြစ်စေရေး၊ လုပ်ငန်းခွင်အတွင်း ဆက်ဆံမှုအဆင်ပြေ စေရေး စသည်တို့ကို အလုပ်ရှင်များအနေဖြင့် ကောင်းမွန်သောအစီအမံများနှင့် ဆောင်ရွက်ပေး သင့်ကြောင်း၊ အလုပ်ရှင်များအနေဖြင့် မသန်စွမ်းသူများကို အောင်မြင်စွာ အလုပ်ခန့်ထားနိုင်ရေး စီမံပြင်ဆင်ထားစေလိုကြောင်း၊ အလုပ်ခေါ်ယူလိုပါက မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများသို့ အကြောင်းကြားစေလိုကြောင်း၊ ခန့်အပ်ပြီးပါက အလုပ်ခွင်တည်မြဲရေး အဖွဲ့ အစည်းအလိုက်ဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ တတ်နိုင်သ၍ ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်း၊ မသန်စွမ်းသူများ၏ လုပ်ကိုင်နိုင်စွမ်းနှင့် သင့်လျော် သည့်အလုပ်ကို လူမှန်နေရာမှန် ခန့်ထားပေးနိုင်ရေး အလုပ်ရှင်များမှ Corporate Social Responsibility – CSR ကို အကောင် အထည်ဖော်သည့်အနေဖြင့် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ မသန် စွမ်းသူများအတွက် သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းသူများကို အလုပ်အကိုင်ရရှိ ရေးကြိုးပမ်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာ သည့် လုပ်ငန်းရှင်များနှင့် မသန်စွမ်းအသင်းအဖွဲ့များမှ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ စက်မှုဇုန်များနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ချက် များကို အကြံပြုဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။